ပဲခူး ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ဖြစ်ပွားလျက်ရှိပြီး ပြည်ပပြန်တစ်ချို့မှ ရောဂါပိုးပါလာသူများရှိသည်ကို ကြားသိနေရကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်မှုမဖြစ်စေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမည် ဖြစ်သလို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကိုလည်း ဆက်လက်အရှိန်မြှင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်သည် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ဒေတာဗိုင်းရပ်မျိုးထက် ကူးစက်မှုမြန်သဖြင့် ပေါ့ဆ၍လုံးဝမရကြောင်း၊ နေရပ်ပြန် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုအား အထူးအလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြို့နယ်များတွင်လည်း စာသင်ကျောင်းမှအပ Facility Quarantin အဖြစ် အသုံးပြုနိုင်ရေး အားကစားခန်းမများနှင့် သီးခြားနေရာများ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်းနှင့် အခြေခံပညာကျောင်းများ စာမေးပွဲပြီးဆုံးသည်အထိ ကလေးငယ်များ ကျန်းကျန်းမာမာ လုံလုံခြုံခြုံ ပညာသင်ကြားနိုင်ရေး မြို့နယ်အလိုက် အလေးထား ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ထို့နောက် ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ခရိုင်အတွင်းရှိ မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေကိုလည်းကောင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


