ပဲခူး ၁၄ ဇူလိုင်
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ဦးဆောင်၍ မသန်စွမ်းသူများ ကူညီထောက်ပံ့ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများ ကူညီထောက်ပံ့ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများ ကူညီ ထောက်ပံ့ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက ကော်မတီ၏ နှစ်အလိုက်ထောက်ပံ့ပေးခဲ့နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အေးအေးချစ်နှင့် လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးတို့က ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် မသန်စွမ်းသူများ၏ ကိုယ်ရေး အချက်အလက်နှင့် စနစ်တကျ စာရင်းကောက်ယူနိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်း ကိုယ်စားလှယ်တစ်ဦးက မသန်စွမ်းသူများ ကူညီထောက်ပံ့ပေးနိုင်ရေး စနစ်တကျ ဖွဲ့စည်းထား ရှိမှုနှင့် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မသန်စွမ်းသူဦးရေ ၇၄၂၁ ဦး နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၁၉၉၇၁ ဦးတို့အား နိုင်ငံတော်ဘတ်ဂျက်ဖြင့် ထောက်ပံ့ပေးနိုင် ခဲ့ပြီး ကျန်ရှိသည့် မသန်စွမ်းသူများအား ဆက်လက်ထောက်ပံ့ပေးနိုင်ရေး စာရင်းပြုစုဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


