အုတ်တွင်း ၁၁ ဇူလိုင်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇူလိုင် ၁၁ ရက် မွန်းလွဲ ၂ နာရီက လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ အုတ်တွင်းမြို့နယ် အုန်းပင်ကျေးရွာအုပ်စု၊ သံတိုင်ခင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သော ဒေသခံပြည်သူများ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူများနှင့် အစိုးရတို့ ပူးပေါင်းဆောင်ရွက်မှသာ တိုင်းပြည်တိုးတက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရသည် စစ်မှန်သော ဒီမိုကရေစီကို ကျင့်သုံးလျက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ ပြုပြင်ပြောင်းလဲခြင်းကို ဆောင်ရွက်နေခြင်းသည် ပြည်သူများ၏ ရေရှည်အကျိုးစီးပွားအတွက်သာ ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိတို့အစိုးရ၏ ပြုပြင်ပြောင်းလဲရေး မူဝါဒများကို အစိုးရနှင့်အတူ ပူးပေါင်းပါဝင်လက်တွဲ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

 

mdn

 

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက သဲကြီးကုန်း-သံတိုင်းသွားတံတား ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ပေးရန်၊ အုန်းပင်-ဒိုးပင်သောင်လမ်း ပြီးဆုံးအောင်ခင်းပေးရန်၊ သံတိုင်ကျေးရွာမီးလင်းရေး ဆောင်ရွက်ပေးရန်၊ ရေနှုတ်မြောင်းများ တူးဖော်ပေးရန်၊ သိမ်းဆည်းမြေပြန်လည်ရရှိရေး ဆောင်ရွက်ပေးရန်၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊ စားကျက်မြေကိစ္စဆိုင်ရာ ကိစ္စရပ်များ စသည်တို့ကို တင်ပြခဲ့ရာ ဝန်ကြီးချုပ်မှ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၃၀ဝ)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဟိန်းထက်(ပဲခူး)