နေပြည်တော် ဖေဖော်ဝါရီ ၂၄

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေး နည်းပညာပြပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဟင်းသီးဟင်းရွက် သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန (VFRDC) ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဟင်းသီးဟင်းရွက်မျိုးစေ့ထုတ် သုတေသနစိုက်ခင်းများ၊ စင်တင်သီးနှံများ၊ Greenhouse စနစ်ဖြင့်ဆောင်ရွက်နေသည့် ဟင်းသီးဟင်းရွက် သုတေသနများ၊ ဖရုံသခွားနှင့် သခွားမွှေး မျိုးစေ့ထုတ်လုပ်ခြင်း၊ အာဟာရရည်ဖြင့် စိုက်ပျိုးခြင်း၊ အော်ဂဲနစ်စိုက်ခင်းများ၊ သဘာဝဓါတ်မြေဩဇာအပါအဝင် သွင်းအားစုများ ထုတ်လုပ်ခြင်းနှင့် မျိုးစေ့သိုလှောင် အအေးခန်းတို့ကိုလှည့်လည် ကြည့်ရှုသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ပဲခူးမြို့ (၁၀-မိုင်) ၌ ကျွဲ၊ နွားများ ပြည်ပသို့ တင်ပို့ရာတွင် တိရစ္ဆာန်ကူးစက်ရောဂါများ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တိရစ္ဆာန် စောင့်ကြည့်စစ်ဆေးရေးစခန်း Animal Quarantine Station (AQS) တည်ဆောက်ရန် လျာထားနေရာကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက စခန်းအတွင်း အသုံးပြုမည့် မွေးမြူရေးတိရစ္ဆာန် သောက်သုံးရေနှင့် စိုက်ပျိုးရေသုံးစွဲမည့် ပမာဏကို ကြိုတင်တွက်ချက်၍ ရေရရှိရေး လုပ်ငန်းဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်း တိုင်းတာရေး လုပ်ငန်းများကို ကဏ္ဍပေါင်းစုံမှ ကျွမ်းကျင်သူ ပညာရှင်များနှင့် ပူးပေါင်း၍ အသေးစိတ် ကြိုတင်ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။

 

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဒိုက်ဦးမြို့နယ်ရှိ ဘောနီရေပေးမြောင်းမကြီးမှ နွေစပါးစိုက်ပျိုးရေ ပေးဝေနေမှုနှင့် နွေစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး တောင်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေးသွင်းအားစုများ စနစ်တကျ သုံးစွဲ နိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် သီးထပ်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။ ဘောနီရေလှောင်တမံမှ ယခုနှစ် နွေစပါး ဧက (၅၀၀၀) ကျော်ကို စိုက်ပျိုးရေပေးဝေရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်