နေပြည်တော်  ဇူလိုင် ၁၅

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်း စစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါက်ခေါင်းမြို့နယ် ချောင်းကျိုးကျေးရွာတွင် စိုက်ပျိုးထားသော မျိုးနေကြာစိုက်ခင်းကိုလည်းကောင်း၊ မိုဘိုင်းဆိုလာ အသေးစားရေတင်စနစ်ဖြင့် နေကြာအပါအဝင် စိုက်ပျိုးရေရရှိရေး Pilot စမ်းသပ်ဆောင်ရွက်မှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကဏ္ဍအနေဖြင့် နေကြာစိုက်ပျိုးသူများ မျိုးနှင့် သွင်းအားစုအတွက် လိုအပ်ငွေကို မြစိမ်းရောင်(နေကြာဆီထွက်သီးနှံ) စီမံကိန်းမှ ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မျိုးစေ့ထုတ် တောင်သူများထံမှ အရည်အသွေးမီမျိုးစေ့များကို ပြန်လည်စိုက်ပျိုးမည့် တောင်သူမျာမှ စနစ်တကျ ဝယ်ယူ စိုက်ပျိုးနိုင်ရေး သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာတို့မှ ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေတောင်မြို့ရှိ ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်း ကျောင်းသို့ ရောက်ရှိကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေတောင်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးရွာ ၁၀ ရွာမှ လူဦးရေ ၂၅၀၀ ကျော် ဖြတ်သန်းသွားလာ အသုံးပြုလျက်ရှိသည့် ပွဲသာ-ရှားတိုင်း-ကျောက်ထရံ ကျေးရွာချင်းဆက် ကျောက်ချောလမ်း အရှည် တစ်မိုင် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သဲကုန်းမြို့နယ်၊ ပုတီးကုန်းကျေးရွာ၌ အောင်နိုင်သစ္စာ ကုမ္ပဏီ လီမိတက်နှင့် အောင်သဇင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း လီမိတက် တို့ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်  Contract Farming စနစ် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သမဝါယမအသင်းသားများ၊ တောင်သူများအား သွင်းအားစုဓါတ်မြေဩဇာများ ထောက်ပံ့ ပေးအပ်၍ အသင်းပိုင် ဆန်စက်လည်ပတ်နေမှုကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နတ်တလင်းမြို့နယ် မှန်တန်းကြီးကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခေတ်မီစံပြကျေးရွာ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံကာ ကျေးရွာ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ထို့နောက် သမဝါယမဦးစီးဌာနမှ နိုင်ငံတော်ဘတ်ဂျတ်မှ ထောက်ပံ့ငွေ ၅၀ ရာခိုင်နှုန်း မှန်တန်းကြီး စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ ၅၀ ရာခိုင်နှုန်းဖြင့် ဝယ်ယူထားသော ငွေကျပ် ၂၇၂ ဒသမ ၇၀၈၈၉ သိန်းတန်ဖိုးရှိ Daedong  RX7620 ထွန်စက်နှစ်စီးကိုလည်းကောင်း၊ ကျေးလကက်စီးပွား ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF) ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ကို မှန်တန်းကြီးကျေးရွာ ရန်ပုံငွေကြီးကြပ်မှု ကော်မတီများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ကာ ဆပ်ပြာချက် နည်းသင်တန်သူများ ထုတ်လုပ်ထားသော ဆပ်ပြာရည်၊ ဆပ်ပြာခဲ အမျိုးမျိုးတို့ကို ကြည့်ရှုအားပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ရှိ ဆရာစံခန်းမတွင် နေကြာအပါအဝင် ဆီထွက်သီးနှံ စိုက်ပျိုးသော တောင်သူများလိုအပ်လျက်ရှိသည့် မျိုးစေ့၊ သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ သုံးစွဲနိုင်ရန် သာယာဝတီခရိုင်အတွင်းရှိ ကျေးရွာ ၁၂၅  ရွာအား စီမံကိန်းရန်ပုံငွေပေါင်း ကျပ်သန်း ၁၃၄၀ ကို သက်ဆိုင်ရာကျေးရွာ ကော်မတီဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)