မင်းလှ ၁၂ မေ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းအတွင်းရှိ တောင်သူလယ်သမားများအား မြေချဉ်ပြုပြင်ဆေးရည် အခမဲ့ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက မင်းလှမြို့နယ်၊ ရွှေဝါမြိုင် စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမူစခန်း၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က လယ်ယာမြေများအား မိရိုးဖလာစိုက်နည်းများကို အရိုးစွဲ မပြုလုပ်ကြရန်နှင့် ခေတ်မီ နည်းစနစ်များဖြင့် အထွက်နှုန်းတိုးအောင် ဆောင်ရွက်ကြရန်၊ တောင်သူများပူးပေါင်းပြီး စုပေါင်းလယ်ယာ စနစ်များ ဆောင်ရွက်ပါက အကျိုးအမြတ်များစွာ ရရှိနိုင်ကြောင်း၊ စုပေါင်းအားသည် အောင်မြင်ခြင်း၏ လမ်းကြောင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးလှမြင့်က သီနှံစိုက်ပျိုးရာတွင် စိုက်ပျိုးနည်း စနစ်များ၊ မြေအမျိုးအစားအလိုက် ဓာတ်မြေသြဇာသုံးစွဲနည်း၊ မြေချဉ်ပြုပြင်ရာတွင် အသုံးပြုရမည့် သီးနှံများ ဖြစ်ထွန်းအောင်မြင်နိုင်မည့် မြေအချဉ်အငံညွှန်းကိန်း(pH) အချိုးအစားတို့ကို ရှင်းလင်းပြောကြားသည်။
အခမ်းအနားတွင် Crown Calcium Carbonate Co, Ltd. မှ လှူဒါန်းသော မြေချဉ်ဆေးရည်းများအား တာဝန်ရှိသူများက သာယာဝတီခရိုင်အတွင်းရှိ မင်းလှ၊ လက်ပံတန်း၊ ကြို့ပင်ကောက်၊ သာယာဝတီ၊ နတ်တလင်းမြို့နယ်တို့တွင် စုပေါင်းလယ်ဧက လုပ်ကိုင်မည့်တောင်သူများအား မြေအမျိုးအစားအလိုက် မြေချဉ်ဆေးရည် ဧက (၁၆၀ဝ) စာ လီတာပေါင်း (၃၈၈၀ဝ)လီတာကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် တတ်ရောက်လာသော မြို့နယ်များမှ စုပေါင်းလယ်ယာ လုပ်ကိုင်မည့်တောင်သူ ၁၂၀ ဦးအား Crown Calcium Carbonate Co, Ltd. မှ မြေချဉ်ဆေးရည် သုံးစွဲနည်းစနစ်များကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)