ပဲခူး ဧပြီ ၈
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဧပြီ ၈ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီး၏ လူမှုစီးပွားနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းကို နိုင်ငံတော်မှ ချမှတ်ထားသော စီးပွားရေးမူဝါဒများနှင့်အညီ ချိတ်ဆက်ပေါင်းစပ်ပြီး နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ တိုင်းဒေသကြီး၏ မျှော်မှန်းချက်၊ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (၁၇)ရပ်တို့ဖြင့် ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ တာဝန်ပေးအပ်ထားသည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ပြီး သာမန်လုပ်ရိုးလုပ်စဉ်မျိုးမဟုတ်ဘဲ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထူးခြားလေးနက်တဲ့လုပ်ငန်းအဖြစ် ခံယူဆောင်ရွက်သွားကြားစေလိုကြောင်း၊ မမျှော်မှန်းနိုင်တဲ့ အခြေအနေများ ပေါ်ပေါက်လာလျှင် ဖြေရှင်းဆောင်ရွက်နိုင်ရန် ကြိုတင်အစီအမံများ၊ ပျက်စီးဆုံးရှုံးမှုကို Recover ဖြစ်စေမည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များ ထည့်သွင်းရေးဆွဲထားရန်နှင့် တိုင်းဒေသကြီး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးမည့် စီမံကိန်းရည်မှန်းချက်များကို မဖြစ်မနေ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရေးဆွဲရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်အဆင့်ဆင့်အား အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များအား တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင် အုပ်ချုပ်ရေးမှူးတို့အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်တွင် လယ်ယာကဏ္ဍကြီးအတွက် (၂၈ ဒသမ ၈)ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးအတွက် (၃၀ ဒသမ ၅)ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးအတွက် (၄၀ ဒသမ ၇)ရာခိုင်နှုန်း ထည့်သွင်းရေးဆွဲထားကြောင်း သိရှိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ပဲခူးမြို့ ကျောက်တွင်းကုန်းလမ်းဆုံမှ ဟင်္သာကုန်းရပ်ကွက်အထိ အရှည်ပေ (၃၆၀၀)ပေ ဟံသာဝတီရှေးဟောင်းကျုံးနှင့် မြို့ရိုးတူးဖော်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျုံးနှင့်ကပ်လျက် ရန်ကင်းသာပန်းခြံ တိုးချဲ့နိုင်ရေးနှင့် Landscaping Design ရေးဆွဲတင်ပြရန်၊ ကျုံးဘေးပတ်လမ်းတစ်လျှောက် အရိပ်ရသစ်ပင်စိုက်ပျိုးနိုင်ရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)