နေပြည်တော် ဇူလိုင် ၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ရေငန်ပုစွန်မွေးမြူရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ယခုနှစ် ဒီဇင်ဘာလအတွင်း ပုစွန်သားဖောက်လုပ်ငန်းနှင့် အစာစပ်စက်ရုံလုပ်ငန်းများ စတင်လုပ်ငန်း ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးထားပြီးဖြစ်၍ လျာထားချက်အတိုင်း အောင်မြင်စေရေး လုပ်ငန်းရှင်များအားလုံးတို့က လက်တွေ့ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ပုစွန်မွေးမြူထုတ်လုပ်မှု
ယင်းနောက် ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များက လက်ရှိ ပုစွန်မွေးမြူထုတ်လုပ်မှုအခြေအနေနှင့် တိုးချဲ့မွေးမြူထုတ်လုပ်နိုင်မှု အလားအလာများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန တိရစ္ဆာန်မွေးမြူမှုဖွံ့ဖြိုးရေးဌာနစု(ပေါင်းငူ)သို့ သွားရောက်၍ မျိုးဗီဇ ဓာတ်ခွဲခန်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် မျိုးရေခဲချောင်းထုတ်လုပ်ရေးဓာတ်ခွဲ ခန်းလုပ်ငန်း၊ မျိုးနွားမွေးမြူထားရှိမှုနှင့် တိရစ္ဆာန်အစာ မြက်အမျိုးမျိုးစိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး သုတေသနမှတ်တမ်း မှတ်ရာများ စနစ်တကျထားရှိရေးနှင့် သုတေသနတွေ့ရှိချက်များကို မျိုးဆက်သစ်ပညာရှင်များထံ လက်ဆင့်ကမ်းမျှဝေအသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
မျိုးဗီဇများစစ်ဆေးဆောင်ရွက်
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တိရစ္ဆာန်မွေးမြူ မှုဖွံ့ဖြိုးရေးဌာနစု(ပေါင်းငူ) မျိုးဗီဇဓာတ်ခွဲခန်းတွင် မွေးမြူရေးနွားကောင်ရေ ၃၀၀ ၏ မျိုးဗီဇများကို စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး မျိုးရေခဲချောင်း ထုတ်လုပ်ရေးဓာတ်ခွဲခန်းလုပ်ငန်းအနေဖြင့် မျိုးရေခဲချောင်း ၁၅၂၀၀၀ ထုတ်လုပ်ဖြန့်ဖြူးသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ ပဲခူးမြို့ ကတွင်းခြံကျေးရွာ မိုးစပါးစိုက်ကွင်း၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးအပါအဝင် အဓိကသီးနှံများ ပန်းတိုင်အထွက်ရရှိရေး၊ သီးထပ်သီးနှံ တိုးချဲ့စိုက်ပျိုးရေးဆိုင်ရာများ ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကတွင်းခြံကျေးရွာ မိုးစပါး စိုက်တောင်သူများအတွက် ယူရီးယားဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ကြရာ တောင်သူကိုယ်စားလှယ်များက လက်ခံရယူကြသည်။
ကွင်းဆင်းကြည့်ရှုအားပေး
ယင်းနောက် လယ်ယာသုံးစက်ကိရိယာ ကောက်စိုက်စက်များနှင့် တိုက်ရိုက်မျိုးစေ့ချကိရိယာများကို လည်းကောင်း၊ ကောက်စိုက်စက်ဖြင့် အောင်နိုင်တိုးစပါး စိုက်ပျိုးနေမှုကိုလည်းကောင်း ကွင်းဆင်း ကြည့်ရှုအားပေးကြသည်။ ပဲခူးတိုင်းဒေသကြီး၌ ယနေ့အထိ မိုးစပါးဧက ၃၂၀၀၀ ကျော် စိုက်ပျိုးပြီးစီးကြောင်းနှင့် လျာထားဧက ၁၀၆၄၅၃ ဧက အပြည့်အဝစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေး
အလားတူ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့သည် ပဲခူး (၁၀)မိုင်ကုန်းရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ တိရစ္ဆာန်ထိန်းသိမ်း စောင့်ကြည့်စစ်ဆေးရေး စခန်း အသုံးပြုခွင့်ရရှိထားသည့် ကုမ္ပဏီ၏ မြေနေရာဧက ၁၀၀ ကို ကြည့်ရှုစစ်ဆေး၍ မိုးရာသီကုန်သည်နှင့် လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ လုပ်ထုံးလုပ်နည်း နှင့်အညီ တင်ပြနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်