ရေတာရှည်  ၁၅  မေ 


ရေတာရှည်မြို့နယ် စိုင်တမော့ကြီးကျေးရွာ ဓမ္မာရုံ၌ ဒေသခံတောင်သူများအတွက် မြေချဉ်ပြုပြင်ဆေးရည် အခမဲ့လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။
       

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် တောင်သူလယ်သမားများဖြစ်ပြီး တောင်သူလယ်သမားများ၏ လူနေမှုဘဝအခြေအနေကို မြှင့်တင်ပေးနိုင်မှသာ တိုင်းပြည်၏ စီးပွားရေးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် စိုက်ပျိုးမြေဧက (၃၃) သိန်းကျော်ရှိပြီး စိုက်ပျိုးရေးကို အခြေပြုသည့် တိုင်းဒေသကြီးတစ်ခုလည်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တောင်သူများ၏ လူနေမှုဘဝများ ဘက်စုံထောင့်စုံမှ မြှင့်တင်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုလို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားအတွက် မြေချဉ်ပြုပြင်ဆေးရည် လာရောက် လှူဒါန်းပေးသော Crown Company ကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
       

ထို့နောက် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှမြင့်က မြေချဉ်ရခြင်း အကြောင်းအရင်းနှင့် ဆေးရည်အသုံးပြုခြင်း နည်းစနစ်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ အလှူရှင် Crown ကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းကျော်(ခ) ဦးချစ်မှ မြေချဉ်ပြုပြင်ဆေးရည် လှူဒါန်းရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဝန်ကြီးချုပ် ဦ:ဝင်းသိန်းထံသို့ မြေချဉ်ပြုပြင်ဆေးရည်များ ပေးအပ်လှူဒါန်းခဲ့သည်။


ယင်းနောက် ဝန်ကြီးချုပ်မှ မြေချဉ်ကုသဆေးရည်အား တောင်သူလယ်သမားများထံသို့ ထပ်မံပေးအပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာသည့် တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးခဲ့ကြကာ ဝန်ကြီးချုပ်က တောင်သူလယ်သမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
      

Crown Company ဥက္ကဋ္ဌ ဦးသိန်းကျောင်(ခ)ဦးချစ်သည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအတွက် မြေချဉ်ကုသဆေးရည် လီတာ(၈၉၃၅၀)၊ တန်ဖိုးအားဖြင့် ငွေကျပ်သိန်းပေါင်း(၂၇၃၀)ကျော် ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
       

အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒိုက်ဦး၊ အုတ်တွင်း၊ ရေတာရှည်မြို့နယ်များမှ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


ဟိန်းထက်(ပဲခူး)

 

1