ပဲခူး ၃၀ နိုဝင်ဘာ
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးတွင် ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ လုပ်ဆောင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့ ကမ္ဘာ့အမွေအနှစ် သရေခေတ္တရာ ပျူမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တိမ်မြုပ်ပျောက်ကွယ်နေသည့် ရှေးဟောင်းပုထိုး စေတီတစ်ဆူအား ပြန်လည် ဖော်ထုတ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ပြန်လည်ဖော်ထုတ်၍ ထိန်းသိမ်းနိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေးနှင့် ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် ရန်ပုံငွေများ လျာထားဆောင်ရွက်ရန် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ရွှေတောင်မြို့နယ်သို့ သွားရောက်ပြီး ရွှေနတ်တောင်ဘုရားအနီး ဖက်ဆစ်တော်လှန်ရေးကာလ ဗိုလ်ချုပ်အောင်ဆန်း ခေတ္တခဏနားခိုခဲ့သည့် နေရာနှင့် ဗိုလ်ချုပ်ကြေးရုပ်တည်ရှိရာ ဦးချစ်+ဒေါ်အေးရှင် ဇရပ်အဆောက်အဦနေရာ၌ ကျွန်းကလေးကျေးရွာ သာသနာ့ရက္ခိတကျောင်းဆရာတော် ဘဒ္ဒန္တသုဒ္ဓါစာရနှင့် သံဃာတော် အရှင်သူမြတ်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှအတမ်းပေးဝေခြင်းများ ပြုလုပ်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်- ရွှေနတ်တောင်- ညောင်စာရေး- ကွေ့မလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ညောင်စာရေးကျေးရွာအုပ်စု ရွှေမဉ္ဇူကျောင်းဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ နိုင်ငံတော် ဝိနည်းဓိုရ် သာသနဓဇဓမ္မာစရိယ၊ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကောဝိဒအား ဖူးမြောကန်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးအတွက် တင်ပြချက်များကို သက်ဆိုင်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်စာရေးဒေသနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အကောက်တောင်ဒေသ ဆက်သွယ်သွားလာနိုင်ရန် လမ်းပန်းဆက်သွယ် ရေးကောင်းမွန်စေရေး၊ ကူတို့ဆိပ်/လှေဆိပ်များ စနစ်တကျဖော်ဆောင်ကာ စိုက်ပျိုးရေးကိုအခြေခံသော ခရီးသွားလုပ်ငန်းများ၊ ဘုရားဖူးခရီးစဉ်များ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုး၊ အဆောက်အအုံ များ၏ သမိုင်းအမွေအနစ်များ ဖော်ဆောင်ထိန်းသိမ်းနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှု့ခဲ့ကြပြီး ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သောင်ပြင်ကုန်းအုပ်စုနှင့် ရှားပင်ကုန်းအုပ်စုအတွင်းရှိ မြေနေရာများအား အေးချမ်းမြေ(ဧရာရှေ့ပြေး) သမဝါယမအသင်းမှ ဝင်ရောက် စိုက်ပျိုးလုပ်ကိုင်မှုများနှင့်ပတ်သက်၍ ဦးသန်းထိုက်ပါတောင်သူ(၂၃)ဦး၏ တင်ပြတိုင်ကြားမှုအပေါ် စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေတောင်- ရွှေနတ်တောင်- ညောင်စာရေး- ကွေ့မလမ်းသည် အရှည်(၂၅) မိုင်(၄)ဖာလုံရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ ကတ္တရာလမ်းအဖြစ် (၉)မိုင်(၂)ဖာလုံဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကတ္တရာလမ်း (၃)မိုင်(၀ ဒသမ ၅)ဖာလုံ၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ကျောက်ချောလမ်း (၇)ဖာလုံ ဆောင်ရွက်သွားမည် ဖြစ်ပြီး ကျန်ရှိသည့် မြေသားလမ်း(၁၂)မိုင် (၁ ဒသမ ၅)ဖာလုံနှင့် ကျောက်ချောလမ်း (၇)ဖာလုံအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားရန် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


