ရွှေတောင် ဩဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၂၄ ရက် နံနက်ပိုင်းက ရွှေတောင်စျေးအား ကြည့်ရှုစစ်ဆေးပြီး စျေးရုံများ ပြန်လည်အဆင့်မြှင့်တင်နိုင်ရေးနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၈၅ ဒသမ ၃၇)သန်းဖြင့် ကြာနီကန်လမ်းဘေးဝဲ/ယာ အုတ်ရေမြောင်း ဆောက်လုပ်နေမှု၊ ရွှေတောင်မြို့နယ်၊ တောင်လုံးညိုကျေးရွာ၊ တောင်သူ ဦးဌေးအောင်၏ တိုင်းရင်းကြက်ကောင်ရေ (၁၀၀၀)နှင့် အသားတိုးကြက်ကောင်ရေ (၃၀၀၀) မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဇယ်မကျေးရွာအုပ်စု၊ တောင်သူ ဒေါ်တင်မိုးသိန်း၏ မှော်ဘီ-၂ မျိုးစေ့ထုတ် စံပြကွက် (၇ ဒသမ ၁၂)ဧက၌ ယူရီးယားဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ စုပေါင်းကြဲပက်နေမှုကို ကြည့်ရှုအားပေးပြီး သဘာဝမြေဩဇာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး အသိပညာပေးရန်နှင့် အစိုးရအဖွဲ့မှ ဖြန့်ဝေပေးမည့် ဓါတ်မြေဩဇာများ တောင်သူများလက်ဝယ် အမြန်ဆုံးရရှိစေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံ ငွေကျပ် (၁၁၂)သန်းဖြင့် ပြည်ကမ်းနားလမ်းနံရံ အမြင့်(၁၅)ပေ၊ အလျား(၂၀၀)ပေ တည်ဆောက်နေခြင်းကို ကြည့်ရှုစစ်ဆေးပြီး နှစ်စဉ် လုပ်ငန်းတိုးချဲ့ဆောင်ရွက်ရန်နှင့် ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာ လှပစေရေးဆောင်ရွက်ရန် မှာကြားပြီး ပြည်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ ထောက်ပံ့ငွေပေးအပ်ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်