ဒိုက်ဦး ၂၀ ဇူလိုင်
ဒိုက်ဦးမြို့နယ်၊ ပနွတ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဇူလိုင် ၂၀ ရက် မွန်းလွဲ ၁၂ နာရီခွဲက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လူထုတွေ့ဆုံပွဲများသည် ပြည်သူများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ် ကြန့်ကြာနေမှုများ၊ ဒေသလိုအပ်ချက်များအား စုပေါင်းညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူတို့ စုပေါင်းတွေ့ဆုံ ညှိနှိုင်းဆောင်ရွက်ခြင်းသည် ဒီမိုကရေစီကို အခြေခံသော လူ့ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပြီး ငြိမ်းချမ်းသော ပြဿနာဖြေရှင်းနည်းပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီသည် လူသားအားလုံးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊ ဒီမိုကေရစီဆိုသည်မှာ စည်းကမ်းရှိခြင်း၊ တရားမျှတမှုရှိခြင်း၊ ကိုယ်ကျင့်သိက္ခာစောင့်ထိန်းခြင်း၊ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံကြီးသားပီသခြင်း၊ မိရိုးဖလာဓလေ့ထုံးစံ ဘာသာတရားကိုင်းရှိုင်းလိုက်နာခြင်း၊ မိမိစွမ်းရည်သတ္တိကို ထက်မြက်အောင် ဆောင်ရွက်လျက် အပြည့်အဝအသုံးချခြင်း၊ ထကြွနိုးကြား သနားသည်းခံ ဝေဖန်ထောက်ရှုခြင်း ဂုဏ်အင်္ဂါပြည့်ဝအောင် ကျင့်ဆောင်ခြင်း၊ အတွေးအခေါ်နှင့် လုပ်ဆောင်ချက်များ အစဉ်နုပျိုတက်ကြွအောင် နေထိုင်ခြင်းစသည့် ဂုဏ်အင်္ဂါ(၉)ရပ်နှင့် ပြည့်စုံကြောင်း၊ ဖက်ဒရယ်သည် မတူကွဲပြားမှုများကို အင်အားတစ်ရပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ဒါကြောင့် ပြည်သူများအနေဖြင့်လည်း ဒီမိုကရေစီအဓိပ္ပါယ်များကို သိရှိပြီး အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းထွန်းဦးက နှုတ်ဆက်စကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ကျေးရွာဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကူညီဖြေရှင်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် ကျေးရွာလိုအပ်ချက်များကို တင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦ:ဝင်းသိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန၊ ဝန်ကြီး ဦးထွန်းထွန်းဦး၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၃)အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၃၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဟိန်းထက်(ပဲခူး)


