နေပြည်တော် ဩဂုတ် ၃၁

 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့မှ တောင်သူအစု အဖွဲ့များသည်  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စမ်းဝတီ မွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေးသမဝါယမအသင်းမှ ဆောင်ရွက်နေသော စမ်းဝတီ သဘာဝမြေဩဇာစက်ရုံသို့ လာရောက် လေ့လာကြရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ကြိုဆိုနှုတ်ဆက်၍ သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ ဝန်ကြီးဌာန၏ မူဝါဒနှင့် လုပ်ငန်းစဉ်များ၊ သမဝါယမ အသင်းများသို့ ထောက်ပံ့ပေးနေမှုကို ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေးက နေပြည်တော်သို့ လာရောက် လေ့လာရသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး စမ်းဝတီ မွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေးသမဝါယမအသင်းဥက္ကဋ္ဌ၊ ဦးမျိုးထက်ဝင်းက သဘာဝမြေဩဇာ ထုတ်လုပ်ပုံအဆင့်ဆင့်ကို လည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက နေပြည်တော် ကောင်စီနယ်မြေတွင် အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လည်းကောင်း  ရှင်းလင်းဆွေးနွေးကြသည်။

 

ယင်းနောက် လေ့လာရေးအဖွဲ့ဝင်များသည် နွားမွေးမြူရေးခြံသို့ သွားရောက်လေ့လာကြည့်ရှုကြပြီး စမ်းဝတီသဘာဝမြေဩဇာစက်ရုံမှ ထုတ်လုပ်ပုံအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပေးသည်။

 

ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌနှင့် လေ့လာရေးအဖွဲ့တို့သည် နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်သို့ သွားရောက်ကာ ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန် ဒေသထွက်ကုန် သစ်သီး ဝလံများကို ကုန်ကြမ်းအဖြစ်မှ  တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရန်နှင့် လုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေသော မြန်မာရွှေသစ်သီးဝလံကုမ္ပဏီလိမိတက် (Myanmar Golden Produce Co.,ltd) ပိုင် သစ်သီးဝလံများ တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်သည့် စက်ရုံသို့ရောက်ရှိရာ စက်ရုံတာဝန်ခံ Managing Director က စက်ရုံ လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြ သည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေ့လာရေးအဖွဲ့သည် သစ်သီးဝလံများ တန်ဖိုးမြှင့် ထုတ်ကုန်ပြုလုပ်သည့် စက်ရုံအတွင်း လုပ်ငန်းများဆောင်ရွက်နေပုံ အဆင့်ဆင့်ကို ကြည့်ရှုလေ့လာကြသည်။

 

သစ်သီးဝလံများ တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်သည့် စက်ရုံမှ သရက်သီး၊ သရက်ပြင်၊ သရက်နံပြင်၊ သရက်မန်းကျည်းဂျယ်လီ၊ သရက်ပင်မှည့်ဂျယ်လီ၊ သရက်သီးအနှစ် စသည်ဖြင့် (၇) မျိုးခန့် Value Added ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက် ဆလိုဗက်ကီးယားနိုင်ငံ၊ ဒူဘိုင်းနိုင်ငံ၊ တူရကီနိုင်ငံ နှင့် ယူရိုနိုင်ငံများသို့ ပေးပို့နိုင်ကြောင်း သိရသည်။

(သတင်းစဉ်)