မကွေး ၈ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်း မတည်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို စက်တင်ဘာလ ၇ ရက် ပြစ်မကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ ထုတ်ချေးပေးရာတွင် ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်း တာဝန်ခံ ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်၍ ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီတို့က စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ ၁၃၈ ဦးအား ၃၃၆ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၄ ဦးအား ၆၈ သိန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၄ ဦးအား ၁၇ သိန်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ ၇ ဦးအား ၁၉ သိန်း စုစုပေါင်း ၁၈၃ ဦးအား ငွေကျပ်သိန်း ၄၄၀ အားထုတ်ချေးပေးခဲ့ကြောင်းနှင့် ပြစ်မမြစိမ်းရောင်ကျေးရွာသည် ယခုအခါ စီမံကိန်း ပဉ္စမနှစ်စက်ဝန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဂန့်ဂေါမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ထွေးထံမှ သိရသည်။
ဇော်မင်းဌေး


