နေပြည်တော်၊ ဒီဇင်ဘာ ၂၁

 

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးအား ယနေ့နံနက် ၉ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများကမီးရှို့ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားစဉ် မြို့ပြင်အရောက်၌ ရပ်ကွက်အတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူနှစ်ဦး သေဆုံးပြီး ကလေးငယ် လေးဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ရှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ကျရောက်ပေါက်ကွဲ

 

ဖြစ်စဉ်မှာ PDF အမည်ခံ အကြမ်းဖက်သမားများသည် လောင်းလုံးမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးအား မီးရှို့ဖျက်ဆီးသွားပြီး ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားစဉ် လောင်းလုံးမြို့၏ အရှေ့တောင်ဘက် မီတာ ၁၁၀၀ ခန့် အကွာမှ လောင်းလုံးမြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ရာ (ခ)ရပ်ကွက် အောင်ချမ်းသာ ဘုရားကြီးအနီးရှိ ဆောက်လုပ်ရေးကုမ္ပဏီမှ အလုပ်သမားတန်းလျားသို့  ကျရောက်ပေါက်ကွဲခဲ့သဖြင့် အဆိုပါ အလုပ်သမားတန်းလျားတွင် နေထိုင်သည့် အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးကာ အပြစ်မဲ့ကလေးငယ် လေးဦးအပါအဝင် ရှစ်ဦး ဗုံးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

 

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များက လောင်းလုံးမြို့မှ ထားဝယ်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ PDF အမည်ခံ အကြမ်းဖက်သမားများ၏ လူမဆန်သော လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးထိခိုက် ဒဏ်ရာရရှိမှုများအပေါ် ဒေသခံပြည်သူများအနေဖြင့် ရွံရှာမုန်းတီးလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်