ပျော်ဘွယ် ၃၀ သြဂုတ်
ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ် NEP(အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း) ICB-3 ဖြင့်ကျေးရွာ ၁၂ ရွာတွင် တစ်အိမ်သုံး ဆိုလာမီးများကို စက်တင်ဘာလပထမအပတ်တွင် စတင်တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်သီတာဝင်းစံက ပြောသည်။
" ပျော်ဘွယ်မြို့နယ်မှာရှိတဲ့ မီးမရရှိသေးတဲ့ မဟာဓာတ်အားလိုင်းနဲ့ ၁၀ မိုင်အထက် ကျေးရွာတွေကို မီးရရှိအောင် ဆောင်ရွက်ပေးသွားမှာပါ၊ ယခုလိုဆောင်ရွက်ပေးတဲ့အခါမှာ ဆိုလာ ၆၀ W တစ်စုံကို ကျေးရွာလူထုက ငါးသောင်းကျပ်ထည့်ဝင်ပြီး ကျခံပေးရမှာပါဟု" ၎င်းက ပြောသည်။
မီးရရှိအောင် ဆောင်ရွက်ပေးသည့်အတွက် ကျေးရွာများရှိ ဒေသခံပြည်သူများ၏ လူနေမူဘဝမြင့်မားလာပြီး ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ထို့အပြင်ကျေးရွာ ၁၂ ရွာမှာရှိသည့် အိမ်ခြေ ၄၄၅ အိမ်အတွက် ဆိုလာ Watt 60 (၄၄၅ စုံ)ကို တပ်ဆင်ပေးမည်ဖြစ်ပြီး၊ အလယ်တန်းကျောင်း တစ်ကျာင်း၊အထက်တန်းကျောင်း တစ်ကျောင်း၊ လမ်းမီးတိုင် ၄၂ တိုင်နှင့် ဘာသာရေး အဆောက်အအုံ ၄ လုံးအတွက် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများအား အခမဲ့တပ်ဆင်ပေးသွာမည်ဖြစ်သည်။ အဆိုပါ ဆိုလာမီးများ တစ်နှစ်အတွင်း ပျက်စီးမှုများရှိပါက ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် မီးရရှိရေရးဆောင်ရွက်ပေးမည့် ကျေးရွာ ၁၂ ရွာမှာ နတ်စုံမှော်၊ ရှမ်းစုကုန်း၊ တဲကြီးကုန်း၊ ဘိုကုန်း၊ နောင်ခွင်၊ ငှက်မီး၊ ဥသျှစ်ပင်၊ မိဖုရားကုန်း၊ မကျီးကုန်း၊ သီးပင်၊ တောင်နီ၊ ကျောင်းရွာများကို စက်တင်ဘာပထမအပတ်မှစတင်၍ တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဖြိုးထက်(ပျော်ဘွယ်)


