ရေစကြို ၈ ဇူလိုင်
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ထန်းငယ်တောကျေးရွာအုပ်စု ထန်းငယ်တောကျေးရွာတွင် တစ်ရွာလုံးနီးပါး မြန်မာ့ရိုးရာရက်ကန်းလုပ်ငန်းလုပ်ကိုင်လာကြရာမှ ယခုအခါ မြန်မာ့ရိုးရာရက်ကန်းလုပ်ငန်းရက်ကန်းစင် ငါးစင်ခန့်သာကျန်ရှိတော့ကြောင်း ခေတ်အဆက်ဆက် မိရိုးဖလာရက်ကန်းလုပ်ငန်းလုပ်ကိုင်ခဲ့သည့် ဦးမြသော်ထံမှ သိရသည်။
အဆိုပါ မိရိုးဖလာမြန်မာ့ရက်ကန်းယက်လုပ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်လာခဲ့ရာ ခေတ်အဆက်ဆက် ရက်ကန်းယက်လုပ်ခြင်းလုပ်ငန်းမိသားစုဘဝများစွာ ရပ်တည်လာခဲ့ရာပြည်ပမှ ဝင်ရောက်လာသည့် စက်ယက်ထည်များများကို ဈေးကွက်မယှဉ်ပြိုင်နိုင်ဘဲ တဖြည်းဖြည်း မြန်မာ့ရိုးရာ ရက်ကန်းယက်လုပ်ငန်းများ ပျောက်ကွယ်လုနီးပါး ဖြစ်လာနေပြီဖြစ်ကြောင်း ရက်ကန်းယက်လုပ်သူများထံမှ သိရသည်။
မြန်မာ့ရိုးရာ ချည်ထည်စစ်စစ် ရက်ကန်းယက်လုပ်ငန်းများ ခေတ်ကောင်းစဉ်အခါက ဝါဒစောင်၊ မုဒုံစောင်၊ လက်သုတ်ထည်၊ ကချင်ထည် (မြစ်ကြီးနား) ထည်များ ရက်လုပ်ရောင်းချခဲ့ရကြောင်းနှင့် ယခုအခါ ကချင်ထည်(မြစ်ကြီးနား) တစ်မျိုးထဲသာ ရက်လုပ်ရောင်းချခြင်းဖြင့် မြန်မာ့ရိုးရာ ရက်ကန်းလုပ်ငန်း လုပ်ကိုင်နေရကြောင်း ဦးမြသော်က ပြောပြသည်။
ယခုရက်လုပ်သည့် ကချင်ထည်(မြစ်ကြီးနား) ရက်လုပ်ရန်အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှထွက်ရှိသည့် နှစ်တစ်ရာချည်(ခေါ်) ချည်ချောအား မှာယူယက်လုပ်ရကြောင်း သိရသည်။ မိရိုးဖလာ မြန်မာ့ရက်ကန်းစင်များသည်လည်း စက်ရက်ကန်းစင်များကဲ့သို့ လိုချင်တဲ့အရောင် ယက်လုပ်၍ရကြောင်းနှင့် ကချင်ထည်(မြစ်ကြီးနား) တစ်မျိုးထဲကိုသာ အရောင်းအမျိုးမျိုးဖြင့် အမျိုးသမီးဝတ် ဝမ်းဆက်ရက်လုပ်ကြကြောင်း အမျိုးသမီးဝတ် ဝမ်းဆက်တစ်စုံရရှိရန် သုံးရက်ရက်လုပ်ရပြီး အင်မတန် ကျွမ်းကျင်သည့် ရက်ကန်းယက်သမသာလျှင် သုံးရက်ယက်လုပ်ခြင်းဖြင့် အမျိုးသမီးဝတ်ဝမ်းဆက် တစ်စုံရရှိကြောင်း အတော်အတန်ကျွမ်းကျင်ရုံဖြင့် လေးရက်၊ငါးရက် ရက်ကန်းယက်လုပ်မှသာ တစ်ထည်ပြီးမြောက်ကြောင်း ရက်ကန်းယက်လုပ်ငန်းကျွမ်းကျင်သည့် မအေမီဖြိုးက ပြောပြသည်။ ရက်ကန်းယက်လုပ်ငန်းလုပ်ကိုင်ရာတွင် ကချင်ထည် (မြစ်ကြီးနား) အမျိုးသမီးဝမ်းဆက်တစ်စုံ ပြီးမှ (၈၅၀ဝ)ကျပ်ရရှိကြောင်း၊ကချင်ထည်တစ်ထည် ပြန်ရောင်းဈေး (၂၃၀ဝ၀)ကျပ်သာရရှိပြီး ကြားပွဲစားများ ရက်ကန်းစင်ထိ လာရောက် ဝယ်ယူကြကာ မြစ်ကြီးနားသို့ တင်ပို့ကြကြောင်း သိရသည်။
မိရိုးဖလာမြန်မာ့ရိုးရာရက်ကန်းယက်လုပ်ရာတွင် ယက်ကန်းစင်တစ်ခုတွင်ရှိရမည့် အင်္ဂါအစိတ်အပိုင်းမျာမှာ လက်ခတ်၊ ယင်သွား၊ နှပ်၊ ဇာခြည်နှပ်၊ လိပ်ပြာတောင်၊ ပွတ်လုံး၊ ပွတ်စဉ်၊ လိမ့်တုံး၊ ခူ၊ လိပ်တုံးခွံ၊ ခြေနင်းဝါးနှစ်လုံး၊ ဇာခြည်ဝါးတစ်လုံး၊ ဘရိတ်၊ ဘရိတ်တံ၊ စီးကြောင်း၊ စီး၊ နှပ်ပိုးတံ၊ သားရေသီး၊ ဒက်သီးတပ်သံလုံး၊ လွန်းယက်ဖောက်၊ ယက်ကန်းခြေနင်း၊ ကြိုး၊ ယက်ကန်းယောက်ခုံ(ရစ်ခုံ)၊ ယက်ကန်းယောက်ခုံမှာ ပုံစံအမျိုးမျိုးရှိပြီး အချို့မှာ စက်ဘီးခွေဖြင့်ရစ်ခြင်း၊ အချို့မှာ ရစ်ခုံဖြင့် ရစ်ခြင်း အမျိုးမျိုးကွဲပြား ကြသည်။
မြန်မာ့ရက်ကန်းလုပ်ငန်းသည် ချည်ထည်စစ်စစ်များဖြင့် ရက်လုပ်ကာ အရည်အသွေး ကောင်းမွန်သော်လည်း ပြည်ပမှဝင်ရောက်လာသည့် အထည်အလိပ် ဈေးကွက်ကို မယှဉ်ပြိုင်နိုင်ခြင်း၊သုံးစွဲသူများမှရိုးရာရက်ကန်းလုပ်ငန်းထည်များကို အထင်မကြီးခြင်းနှင့်အားပေးမှုနည်းပါးခြင်း၊ ကုန်ကြမ်းဈေးနှုန်းကြီးမြင့်ခြင်းများကြောင်း မြန်မာ့ရိုးရာ ရက်ကန်းလုပ်ငန်းပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်ကြောင်း ဦးမြသော်က ပြောပြ၍သိရကာ ဝါဒစောင်ရက်လုပ်ခြင်း၊ မုဒုံစောင်ရက်လုပ်ခြင်း၊ ဘူးစောင်ရက်လုပ်ခြင်းနှင့် လက်သုပ်ထည်ရက်လုပ်ခြင်းများမရှိတော့ပဲ ကချင်ထည်(မြစ်ကြီးနား) ထည်ရက်လုပ်ခြင်း တစ်မျိုးထဲသာ ရက်လုပ်တော့ကြောင်း သိရသည်။
မောင်မောင်ထိန်၊ ကျောက်ပန်းတောင်း


