ပေါက် ၁၁ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဖိုးဖြူလုံးကန် ကျေးရွာအုပ်စု၊ ဖိုးဖြူလုံးကန်ကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းဖြင့် ကျေးရွာအဝင် အုတ်ခုံခံသံဘောင်ယက်မ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို မတ်လအတွင်းမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ကြောင်း ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးမှ သိရသည်။
သဒွန်းကျေးရွာတွင် ကမ္ဘာ့ဘဏ်နှင့် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၉၀၊ ကျေးရွာနေပြည်သူများ၏ လုပ်အားထည့်ဝင်မှုတို့ဖြင့် အရှည် ၂၄ ပေ အကျယ် ၁၇ ပေ အမြင့် ၅ ပေရှိ ဖိုးဖြူလုံးကန်ကျေးရွာအဝင် အုတ်ခုံခံ သံဘောင်ယက်မ ကွန်ကရစ်တံတားကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများ၏ နည်းပညာအကူအညီဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတံတား တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ(၂၂၅)၊ လူဦးရေ(၁၁၄၁)တို့အတွက် သယ်ယူပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများအား ရာသီမရွေး လွယ်ကူစွာ သွားလာဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပေါက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဒေါ်အေးအေးသန့်က ပြောပြခဲ့သည်။
ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာအားလုံး၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စက်ဝန်းဖြင့် လမ်းလုပ်ငန်း(၉၅)ခု၊ တံတားလုပ်ငန်းရှစ်ခု၊ စာသင်ကျောင်းပြုပြင်တည်ဆောက်ခြင်း လုပ်ငန်း(၅၆)ခု၊ ကျေးလက်မီးလင်းရေးလုပ်ငန်း(၇၆)ခု၊ ကျေးလက်ရေရရှိရေးလုပ်ငန်းရှစ်ခု၊ ကျေးရွာဘက်စုံသုံး ခန်းမတည်ဆောက်ခြင်း လုပ်ငန်းကိုးခု၊ ရေကာနံရံနှင့် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း ရှစ်ခု၊ အားကစားကွင်း တည်ဆောက်ခြင်းတစ်ခု စုစုပေါင်းလုပ်ငန်း(၂၆၁)ခုကို စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် ၃၀၇၃ သန်း၊ ပြည်သူထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သန်းလွင်(မကွေး)


