နေပြည်တော် ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၈,၄၀၀ ဧကရှိသော နယ်မြေကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေ ပုဒ်မ(၆)၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော အခွင့်အာဏာများကို ကျင့်သုံး၍ “ပေါ်လယ်-ဝက်ချီပါ ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၁၂၀/၂၀၂၂)ဖြင့် ဩဂုတ် ၈ ရက်မှစ၍ သတ်မှတ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ ပေါ်လယ်-ဝက်ချီပါ ကြိုးပြင်ကာကွယ်တော ဧရိယာသည် ကာကွယ်တောအနီး ပတ်ဝန်းကျင်ရှိ ဒေသခံ ပြည်သူများ၏ စိုက်ပျိုးမြေများတွင် ရေရရှိနိုင်သည့် ရေဝေရေလဲဒေသအား ထိန်းသိမ်းရန်၊ ဒေသခံ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် သဘာဝ တောရိုင်းတိရစ္ဆာန်များ ကာကွယ် စောင့်ရှောက်ရန် ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

ပေါ်လယ်-ဝက်ချီပါ ကြိုးပြင်ကာကွယ်တော၌ အဖိုးတန်သစ်မျိုးများဖြစ်သော ကျွန်း၊ ပျဉ်းကတိုး၊ အင်ကြင်း၊ ယင်းမာ၊ ထောက်ကြံ့ စသည့် သစ်မျိုးများ၊ အင်၊ ရှား၊ ၊ တယ်၊ နဘဲ၊ ဖန်ခါး၊ ဇီးဖြူ၊ ခူးသန်၊ နှော၊ လက်ပံ၊ သစ်ဖယောင်း၊ ဇောင်းပုလွေးပင်များ ပေါက်ရောက်လျက်ရှိပြီး ဂျီ၊ တောခွေး၊ တောကြောင်၊ တောကြက်၊ တောဝက်၊ ယုန်နှင့် မျောက် စသည့် တိရစ္ဆာန်များ၊ သစ်တောက်ငှက်၊ ငုံး၊ ခါ၊ ချိုး၊ စွန် စသည့် ငှက်မျိုးများ နေထိုင်ကျက်စားရာ ဒေသဖြစ်သည့်အပြင် မြစ်သာမြစ်အတွင်း စီးဝင်သော ပေါ်လယ်ချောင်းမကြီး၏ ရေဝေရေလဲဧရိယာဖြစ်သဖြင့်သစ်တော သယံဇာတများကို စနစ်တကျ ထိန်းသိမ်းစီမံအုပ်ချုပ်ရန်အတွက် ကြိုးပြင်ကာကွယ်တောအဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက သတ်မှတ်ကြေညာခြင်းဖြစ်ကြောင်း သိရသည်။

MDN