၃ နိုဝင်ဘာ
ရီးယဲလ်မက်ဒရစ်နှင့် ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် တိုက်စစ်မှူး လူကာကူ ပေါင်ဒဏ်ရာကြောင့် အင်တာမီလန်အတွက် ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရသည်။
အသက် ၂၇ နှစ်အရွယ် လူကာကူမှာ ယခုနှစ်ဘောလုံးရာသီ အင်တာမီလန်အတွက် ပွဲတိုင်း ပါဝင်ကစားထားပြီး သွင်းဂိုး ခုနစ်ဂိုး သွင်းယူနိုင်ခဲ့သည်။
ရီးယဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ပွဲစဉ်နှစ်ပွဲတွင် ရမှတ်တစ်မှတ်သာ ရထားသလို အင်တာမီလန်အသင်း ကလည်း နှစ်ပွဲကစားပြီး နှစ်ပွဲလုံး သရေကျခဲ့ကာ ရမှတ်နှစ်မှတ်သာ စုဆောင်းထားနိုင်သည့် အနေအထား ဖြစ်သည်။
လူကာကူ ပါဝင်နိုင်ခြင်းမရှိသည့် အင်တာတိုက်စစ်တွင် ဆန်းချက်ဇ်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုမည် မဟုတ်ကြောင်း နည်းပြ ကွန်တီက ပြောကြားထားပြီး ဖြစ်သည်။ ရီးယဲလ်တွင်လည်း အိုဒီဂတ်၊ နာချို၊ ကာဗာဟယ်တို့ ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရသည်။
မေလဲ့သင်း