ပေါင်မြို့ ၁၆ ဇူလိုင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ကြီးမှူး၍ ပေါင်မြို့နယ် တံခွန်တိုင်ကျေးရွာ၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဖွင့်လှစ်သော (လူသုံးကုန်) လက်တွေ့လုပ်ငန်းခွင် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်က အမှာစကား ပြောကြားသည်။ သင်တန်းနည်းပြများအဖြစ် မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေါ်နှင်းနန္ဒာလှိုင်(လ/ထအင်ဂျင်နီယာ)၊ ဒေါ်စန်းစန်းထွန်း (သုတေသနလက်ထောက်-၄)နှင့် ပြင်ပနည်းပြဆရာ ဒေါ်စိုးစိုးမာတို့က သင်ကြားပေးသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းတွင် ဈေးကွက်ဝင်(အဝတ်လျှော်၊ ပန်းကန်ဆေး၊ ဘက်စုံသုံး) ဆပ်ပြာဆီအမျိုးမျိုး၊ ရေချိုး ဆပ်ပြာဆီ စသည့် လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်နည်းပညာများကို CERP (COVID-19 Economic Relief Plan)အရ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သင်တန်းကာလမှာ ဇူလိုင် ၁၆) ရက်မှ ဇူလိုင် ၂၁ ရက်အထိ (၆)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ (၃၅)ဦး တက်ရောက်ကြောင်း သိရသည်။
မောင်ရွှေဝင်း(ပြည်)


