ပေါင် ဧပြီ ၁၀
မွန်ပြည်နယ်၊ သထုံခရိုင်၊ပေါင်မြို့ နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်က ပေါင်မြို့နယ်အတွင်း ရှိရပ်ကွက်များ၌ လက်ကိုင်အသံချဲ့စက်ဖြင့်လှည့်လည် အသိပညာပေးနှိုးဆော်ခဲ့သည်။
အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်း အတွင်း အရေအတွက် ပိုမိုများပြားလာခြင်း၊ အိုမီခရွန် မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိ ကာကွယ်ဆေးများ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင်ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွား နိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် မိဘပြည်သူများ အနေဖြင့်ရောဂါကူးစက် ပြန့်ပွားမှုကိုထိရောက်စွာဟန့်တားနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက် များအား ဆက်လက်လိုက်နာကျင့်သုံးသွားကြပါရန်နှင့် ကာကွယ်ဆေးကိုလည်း အကြိမ်ရေပြည့်ဝစွာထိုးနှံပေးကြရေး၊ ရောဂါကူးစက်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှု ခံယူရေး၊ ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်ဆောင်ရန်/ရှောင်ရန် အချက်များကို လိုက်နာခြင်းဖြင့် ပြည်သူများက ပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေရေး စသည်တို့ကို ပညာပေးလိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
တင်ဇာစိုး ပေါင်မြို့နယ်(ပြန်/ဆက်)