ပေါင် ၂၈ ဩဂုတ်

 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်မှုနဲ့ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပေါင်မြို့နယ် တွင် မြန်မာ့မီးရထားဖြင့် ခရီးသွားလာနေကြသူများကို  ကိုယ်အပူချိန်တိုင်းတာတာပြီး ခရီးသွားရာဇဝင် နောက်ကြောင်း စိစစ်မှုများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

စိစစ်မှုကို ဩဂုတ် ၂၇ ရက်နေ့က စပြီး နေ့စဉ် ဌာနဆိုင်ရာများနှင့် လူမှုကူညီရေး အသင်း အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်သွားမည်ဟု  ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

 

 “ကျွန်တော်တို့မြို့နယ်ထဲကို မီးရထားနဲ့ပြန်လာတဲ့သူတွေကို ကိုယ်အပူချိန်တိုင်းတာတွေ လုပ်မယ်၊ ဘယ်ကိုပြန်မလဲ၊ ဘယ်ကနေလာသလဲ ဆိုတာတွေကို နေ့စဉ် ကျွန်တော်တို့ တိုင်းတာ ပြီးတော့ ဆောင်ရွက်မှာ ဖြစ်ပါတယ်၊ နေ့စဉ် ညနေ(၃)နာရီကျော် ရန်ကုန်ကနေ ပေါင်ကို ဝင်တဲ့ ရထားကို တိုင်းတာမယ်၊ နောက်ပြီး ညဘက်နဲ့ မနက်စောပိုင်း ဒီမြို့နယ်ကနေ စီးမယ့်သူတွေ အတွက်ကတော့ မီးသတ်၊ ကြက်ခြေနီ၊ လူမှုရေးအဖွဲ့တွေက နေပြီးတော့မှ သူတို့ရဲ့ ခရီးသွား ရာဇဝင်တွေ၊ သွားမယ့် လမ်းကြောင်းတွေကို စိစစ်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ် ဟု ၎င်းက ပြောသည်။

 

mdn

 

မြန်မာ့မီးရထားဌာန၏ စစ်တမ်းများအရ လူလိုက်ပါသွားလာမှု အများဆုံးဖြစ်သည့် ပေါင်ဘူတာနှင့် ဇင်းကျိုက်ဘူတာကို အဓိကစိစစ်သွားမည်ဖြစ်ပြီး ကျန်ဘူတာများကို သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ ဆောင်ရွက်သွားမည်ဟု သိရသည်။

 

ထို့အပြင် မြို့နယ်အတွင်းက ဈေး၊ ကားဂိတ်၊ လူစည်းကားသည့် နေရာများတွင်လည်း Mask တပ်ဆင်ပြီး သွားလာကြရန်နှင့်  ကိုဗစ်နှင့်ပတ်သက်သည့် အသိပညာပေးမှု၊  အရေးယူမှုများ ပြုလုပ်ဆောင်ရွက် နေကြောင်း သိရသည်။

 

Mask တပ်ဆင်ရေး အသိပညာပေးတာ၊ Mask တွေဖြန့်ဝေတာ၊ ကမ္ဘာအေးဘုရားလမ်းမှာ ဆောင်ရွက်နေပါတယ်၊ နောက်ပြီးနေ့စဉ်ပဲ နတ်ကြီးချောင်းဈေး၊ မြို့မဈေး၊ ဇင်းကျိုက်ဈေးတွေမှာ လည်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဟု ဦးဇော်မိုးအောင်က ပြောသည်။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်ကစပြီး မွန်ပြည်နယ်က နောက်ဆုံးလူနာသစ်အပါအဝင် အတည်ပြုလူနာ ၈ ဦးရှိသွားပြီ ဖြစ်သည်။ နောက်ဆုံးလူနာသစ်နှင့် ထိတွေ့ခဲ့သူ (၆၅) ဦးကို ပထမအကြိမ် ဓါတ်ခွဲနမူနာ စစ်ဆေးရာတွင် (၆၄)ဦးမှာ (ပိုးမတွေ့)အဖြေထွက်ရှိပြီး ကျန်တစ်ဦးက အဖြေစောင့်ဆိုင်းဆဲ ဖြစ်ကြောင်း ဩဂုတ် ၂၇ ရက်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနက ထုတ်ပြန်ထားသည်။

 

ကိုဟိန်း(ပေါင်)