ပေါင်းတည် ဒီဇင်ဘာ ၂၅

 

ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ်၌ ခရစ္စမတ်နေ့အထိမ်းအမှတ်ဖြင့် ဝတ်ပြုဆုတောင်းခြင်း၊ မိတ်ဆုံစားခြင်းနှင့် ပျော်ပွဲရွှင်ပွဲများကို ယနေ့ နံနက် ၈နာရီက စျေး(၂ )ရပ်ကွက်၊တာပွန်လမ်းရှိ နှစ်ခြင်းအသင်းတော် မိသားစုတို့၏ခရစ်ယာန်ကျောင်းဝင်းအတွင်း အောက်မေ့ဘွယ်ခန်းမဆောင်တွင် ကျင်းပြုလုပ်သည်။

 

ပထမဦးစွာ ဝတ်ပြုဆုတောင်းခြင်းများ ပြုလုပ်ရာတွင် ပေါင်းတည် တပည့်တော်စုမှ သင်းအုပ်ဆရာ ဦးဆောင်သည့် မြို့နယ်အတွင်းရှိအသင်းတော်မိသားစုများနှင့်အတူပဏာမကျမ်းစာဖတ်ကြားခြင်း၊ဂုဏ်ပြုတေးသီဆိုကြခြင်း၊တရားဒေသနာတော်ဖတ်ကြားခြင်း၊ ဓမ္မဒေသနာတော်များဖတ်ကြားခြင်း၊ မေတ္တာပို့ဆုတောင်းကြခြင်း၊ ဓမ္မတေးသီချင်းများ စုပေါင်းသီဆိုကြခြင်း၊  ခရစ်တော်အား ကျေးဇူးတော်ချီးမွန်းကြခြင်းနှင့် ကောင်းချီးမင်္ဂလာပေး ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

 

ထို့နောက် သင်းအုပ်ဆရာနှင့်အတူ ပေါင်းတည်မြို့နယ်ရှိ အသင်းတော်မိသားစုများက ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား မုန့်ဟင်းခါးဖြင့်ဧည့်ခံကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး အသင်းတော်မိသားစုများ၊ ပါဝင်ကူညီကြသည့် မိတ်ဆွေသင်္ဂဟများ၊မိတ်ဆုံစားကြသည့် ဧည့်သည်တော်တို့အား အထူးကံစမ်းမဲနှိုက်အစီအစဉ်များ၊ ဓမ္မတေးသီဆိုယှဉ်ပြိုင်မှုများ၊ မုန့်စားပြိုင်ပွဲများဖြင့် ခရစ်တော်မွေးနေ့ကို ပျော်ရွှင်စွာဖြင့်  ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

 

သူရကြီး ( ပေါင်းတည်)