ဖားဆောင်း ၁၆ ဇူလိုင်

 

နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်-၁၉ ကာလစီးပွားရေးကုစားမှု အစီအစဉ်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော Cash For Work စီမံချက်နှင့် ကျေးရွာလည်ပတ်ရန်ပုံငွေစီမံချက် Village Revolving Fund Project လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍနှစ်တွင် ကျေးရွာလည်ပတ်ရန်ပုံငွေ စီမံကိန်း (VRFP)ကျေးရွာ (၅)ရွာနှင့် (Cash For Work)စီမံကိန်း ကျေးရွာ(၁၁)ရွာတို့တွင် စီမံကိန်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါကျေးရွာ လည်ပတ်ရန်ပုံငွေစီမံကိန်း((VRFP)တွင် အိမ်ခြေ(၁၀၀)နှင့်အထက် ကျေးရွာများကို ကျပ်သိန်း(၃၀၀)၊ အိမ်ခြေ(၅၁)နှင့် (၁၀၀)အကြားရှိ ကျေးရွာများကို ကျပ်သိန်း(၂၀၀)၊ အိမ်ခြေ(၅၀)အောက် ကျေးရွာများကို ကျပ်သိန်း(၁၀၀) မတည်ထောက်ပံ့ပေးမည်ဖြစ်ကာ Cash For Work စီမံကိန်းတွင် ကိုဗစ်-၁၉ ကာလအတွင်း ဝင်ငွေရရှိစေရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်အားခငွေ ကျပ်သိန်း(၆၀)နှင့် ပစ္စည်းတန်ဖိုးခကို ကျပ်သိန်း(၄၀)နှုန်းဖြင့် တစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)ထောက်ပံ့ပေးမည်ဖြစ်ကြောင်းနှင့် အဆိုပါ (VRFP)စီမံချက်လုပ်ငန်းနှင့် (Cash For Work)စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျေးရွာများတွင် ကော်မတီများဖွဲ့စည်းခြင်းနှင့် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

နန်းသဲနုအောင်(ဖားဆောင်း)