ဖားကန့် ၁၈ စက်တင်ဘာ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ကိုဗစ်-၁၉ ပိုးစတင်တွေ့ရှိရာ တောင်ပြိုကျေးရွာ၌ လူတစ်ရာခန့်ထားနိုင်မည့် အရေးပေါ် ယာယီအသွားအလာ ကန့်သတ်ထားရှိမည့် စင်တာကို ယနေ့ နံနက်ပိုင်းတွင် ချက်ချင်းဆောင်ရွက်ပေးနေကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင် ဦးသန်းဇော်ကွန်း ထံမှ သိရသည်။
"တောင်ပြိုက ပိုးတွေ့လူနာ ငါးဦးနဲ့ထိစပ်သူတွေကို တစ်ခါတည်း စုံစမ်းဖော်ထုတ် Swab ယူ၊ တစ်ခါတည်း Facility Quarantine ထားဖို့ ဆောင်ရွက်နေပါတယ်၊ အခုတော့ ၁၄ ယောက်ကို Swab ယူထားပြီးပါပြီ" ဟု မြို့နယ်ကြက်ခြေနီအသင်းခွဲ ဉက္ကဋ္ဌလည်းဖြစ်သူ ဦးသန်းဇော်ကွန်းက ပြောသည်။
အရေးပေါ် ယာယီအသွားအလာ ကန့်သတ်ထားရှိမည့် စင်တာတည်ဆောက်နေမှုကို ကွန်းဖောင်ဒေးရှင်းထံ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနဲ့ ပံ့ပိုးကူညီမှုများဆောင်ရွက်ရန် အလှူရှင်များမှ လှူဒါန်းထားသည့် ငွေကျပ် ၄၁၅၀၀၀၀ ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ကွန်းဖောင်ဒေးရှင်းအဖွဲ့သားများ၊ ပိုင်ဖြိုးသီဟနှင့် ယူနတီကုမ္ပဏီ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကျေးရွာသားများက လိုအပ်မှုများအား ဝိုင်းဝန်းကူညီပေးလျက်ရှိနေသည်။
တောင်ပြိုကျေးရွာ၌ ဗုဒ္ဓယဉ်ကျေးမှု မူကြိုကျောင်း အသွားအလာ ကန့်သတ်စောင့်ကြည်ရေးစင်တာ တစ်ခုရှိပြီး အသွားအလာ ကန့်သတ်ထားရှိသူ ၄၀ ဦးထိရှိနေကြောင်း သိရသည်။
စက်တင်ဘာ ၁၇ ရက်က ဖားကန့်မြို့နယ်မှ လူ ၁၀၇ ဦး၏ ဓါတ်ခွဲအတည်ပြုချက်များ ရယူစစ်ဆေးခဲ့ပြီး လူနာအမှတ် ၁၇၁၂ နှင့် ထိတွေ့ခဲ့သူ လေးဦးတွင် ပိုးတွေ့ရှိခဲ့သည့်အတွက် ဖားကန့်၌ ကိုဗစ်-၁၉ ပိုးတွေ့သူ ငါးဦးထိရှိလာပြီး ကချင်ပြည်နယ်အတွင်း အများဆုံးပိုးတွေ့သည့် မြို့နယ်တစ်ခုဖြစ်နေသည်။
ဖားကန့်မြို့နယ်၌ စက်တင်ဘာ ၉ ရက်က ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ အမှတ် ၁၇၁၂ ကို တွေ့ခဲ့ရပြီးနောက် လူနာအမှတ် ၁၇၁၂ နေထိုင်ခဲ့ရာ တောင်ပြိုကျေးရွာကို ကျေးရွာသားများက စက်တင်ဘာ ၁၁ ရက် ည ၇ နာရီခွဲတွင် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ကျေးရွာတစ်ခုလုံးကို အသွားအလာ ကန့်သတ်ထားခဲ့ကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)


