ဖားကန့် ၆ ဇူလိုင်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါမှော်၌ လုပ်ကွက်ရပ်နား ထားသည့် ကျင်းကမ်းပါး မြေပြိုကျမှုဖြစ်စဉ်တွင် ဝှေခါကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံ ပျောက်ဆုံးကြောင်း လာရောက် တိုင်ကြားထားသူ ယမန်နေ့က စာရင်းအရဦးရေ ၂၀ ထိရှိနေပြီး ဆက်တိုးလာနိုင်သေးကြောင်း ဝှေခါကျေးရွာ ရာအိမ်မှူး ဦးကျော်မင်းထံမှ သိရသည်။
"ပျောက်ဆုံးစာရင်းက မနေ့ကထိ(၂၀)ဦးပါ၊ ခုမှထပ်လာတိုင်ကြားတာ ရှိသေးတယ်၊ စာရင်းက ထပ်တိုးလာဖို့ ရှိပါတယ်၊ အများအားဖြင့် မြေပြိုကျမှုမှာပါသွားတာက ဝှေခါ၊ မှော်ဂလုံ၊ မကာပင်ကျေးရွာတွေက ဖြစ်ပါတယ်" ဟု ဦးကျော်မင်းက ပြောသည်။
ဖားကန့် ဝှေခါမှော်၌ ဇူလိုင် ၂ ရက်နေ့က မြေပြိုမှုဖြစ်စဉ်တွင် ယနေ့အထိ ရှာဖွေတွေ့ရှိထားသည့်(၁၇၁)ဦး၏ ရုပ်အလောင်းနှင့် ခန္ဓာကိုယ်အပိုင်းအစတွေ့ရှိနှင့် ပေါင်းလျှင် ရုပ်အလောင်းပေါင်း (၁၇၂)ဖြစ်ပြီး၊ ဆေးရုံသို့ ရောက်ရှိအတည်ပြု ဒဏ်ရာရလူနာ (၄၇)ဦးအပြင် ဆေးခန်းများ၌ သာမန်ထိခိုက်မှု ပြသခံယူသူများနှင့် ပေါင်းလျှင် ဒဏ်ရာရရှိလူနာ ၅၀ ကျော် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြေပြိုကျမှုဖြစ်စဉ်မှ (၁၇၁) ဦး၏ ရုပ်အလောင်းများသည် ပိုင်ရှင်ရှိများဖြစ်ကြောင်းနှင့် (၅၄)ဦး၏ ရုပ်အလောင်းအား သက်ဆိုင်ရာမိသားစုဝင်များက မိမိတို့ရိုးရာဓလေ့ထုံးတမ်းအရ ယူဆောင်သင်္ဂြိုဟ်ခဲ့ပြီး မည်သူမှန်းမမှတ်မိသည့် ပိုင်ရှင်မဲ့ ခန္ဓာကိုယ်အပိုင်းအစတွေ့ရှိ ရုပ်အလောင်းအပါ (၁၁၈)လောင်းအား ၎င်းတို့မိသားစုဝင်များ၏ သဘောတူညီမှုဖြင့် အခေါင်းသွင်း စုပေါင်း မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းမှစတင်၍ မြေပြိုကျမှုဖြစ်ပွားခဲ့ရာနေရာ၌ ဝှေခါလူမှုကူညီရေးအသင်းမှ ဦးဆောင်ပြီး ရှာဖွေရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)


