နေပြည်တော်  ၂၄  ဇွန် 


    
ဖားကန့်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်သည့် တွေ့ဆုံဆွေး နွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ ကျောက်မျက်ရတနာအသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကျောက်မျက် ရတနာအသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ တွေ့ဆုံရသော အကြောင်းရင်းသည် ဖားကန့်ဒေသရှိ အလုပ်သမားများနှင့်ဒေသခံပြည်သူများ၏ ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းများတွင် ကျောက်မျက်လုပ်ငန်းရှင်ကြီးများ၏ ပူးပေါင်းပါဝင်မှု နှင့်အကြံပြုချက်များကို သိရှိလို၍ဖြစ်ပါကြောင်း၊ ဖားကန့်ဒေသတွင်ရှိသော အလုပ်သမား များ၊ ရေမဆေးကျောက်ရှာဖွေသူများနှင့် ဒေသခံများ ဥပဒေနှင့်အညီ အလုပ်လုပ်ကိုင်နေ ထိုင်နိုင်ရေး ညှိနှိုင်းဆွေးနွေးလိုပါကြောင်း၊ ဖားကန့်ဒေသရှိ အလုပ်သမားများနှင့်ဆက်စပ်၍ မူးယစ်ဆေးဝါးကိစ္စရပ်များ၊ ဒုစရိုက်မှုများ ဖြစ်ပွားမှုလျော့နည်းစေရန် တရားဥပဒေစိုးမိုးရေး သည် အလေးထားဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်း၊ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများ ပြီးဆုံးပါက ဆောင်ရွက်ရမည့် လုပ်ငန်းများကို စာချုပ်ပါ စည်းကမ်းများအတိုင်း လိုက်နာ ဖော်ဆောင်ကြရန်လည်း လိုအပ်ပါကြောင်း၊ ဒေသခံတိုင်းရင်းသားများနှင့် လက်လုပ် လက်စားများအတွက် အသေးစားလုပ်ကွက်များ ခွင့်ပြုပေးရန်လည်း ဆောင်ရွက်နေပါ ကြောင်း၊ ကျောက်အချောထည် လုပ်ငန်းများဆောင်ရွက်ရန် အလုပ်ရုံ၊ စက်ရုံများ ဖွံ့ဖြိုးတိုး တက်လာရေး၊ ဖားကန့်ဒေသရှိ ရေမဆေးလုပ်သားများနှင့် ဒေသခံအလုပ်သမားများ အန္တရာယ်ကင်းပြီး လုံခြုံစွာအလုပ်အကိုင်များရရှိရေး ပူးပေါင်းဆောင်ရွက်ရန် အကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းဝင်း က ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများကြောင့် ဆုံးရှုံးခဲ့ရသော မြေဆီလွှာများနေရာတွင် မြေဆီလွှာကောင်းတစ်ခု ပြန်လည်ရရှိရန်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပါကြောင်း၊ မြေပေါ်မြေအောက်သယံဇာတ များကို ရေရှည်အကျိုးရှိရှိ သုံးစွဲကြစေလိုကြောင်း၊ နောင်မျိုးဆက်များအတွက် ယခုအချိန် ကပင် ပိုမိုကောင်းမွန်သော အစီ အစဉ်များကို ဆောင်ရွက်ကြရန်အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရေး အကြံပြု ကြရန် တိုက်တွန်း ပြောကြားသည်။ 

 

ထို့နောက် ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာခက်အောင်က ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းလုပ်သားများ၊ IDP စခန်းများနှင့်ပတ်သက်၍ ပြည်ထောင် စုအစိုးရ အဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးကြသော အဖွဲ့အစည်းများကို ကျေးဇူးတင် ပါကြောင်း၊ ပြည်နယ်အဆင့် ကျောက်မျက်ရတနာ ရောင်းချခြင်းကို (၂)ကြိမ် ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတော်အတွက် ဘဏ္ဍာငွေ ရှာဖွေပေးနိုင်ခဲ့ပါကြောင်း၊ ဖားကန့်ဒေသတွင် ယနေ့ကြုံ တွေ့နေရသည့်အခက်အခဲများကို ပြည်သူများ၏ပူးပေါင်းပါဝင်မှုဖြင့် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော ကျောက်မျက်အသင်း ချုပ်မှ တာဝန်ရှိသူများက ၂၀၁၈ခုနှစ်အတွင်း ကျောက်စိမ်းပြပွဲ ကျင်းပနိုင်ခဲ့မှုနှင့် ကျောက်မျက်အရိုင်း၊ ကျောက်မျက်အချောထည်များ အရောင်းပြပွဲ ကျင်းပနိုင်ခဲ့မှု အခြေအ နေများ၊ ကျောက်စိမ်း လုပ်ကွက်များ နေရာချထားပေးမှုနှင့် ရေမဆေးကျောက်ရှာဖွေသူ များပြန်လည်နေရာချထားပေးနိုင်မည့် အခြေအနေ၊ ဥရုချောင်း ရေစီးရေလာ ကောင်းမွန် စေရေးနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကျောက်မျက်အသင်း ချုပ်တွင် သင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့မှု အခြေအနေ၊ လက်လုပ်လက်စားများကို ဥပဒေ နှင့်အညီ လုပ်ကွက်များ သတ်မှတ်ချထားပေးမည့် အခြေအနေများနှင့် ကျောက်မျက် အချောထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်မည့် အစီအမံများကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 

(သတင်းစဉ်)