ဖားကန့်      ဇွန်      ၁၀


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက်အနီးရှိ ရေကန်ဟောင်းသို့ ဇွန် ၉ ရက် နံနက်ပိုင်းက မိသားစုသုံးဦး လိုက်ပါလာသည့် ယာဉ်တစ်စီး အရှိန်လွန် ထိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါမော်တော်ယာဉ်သည် သောင်းချိုကျေးရွာဘက်မှ ဖားကန့်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ကလေးကာကွယ်ဆေးထိုးရန် သွားရောက်စဉ် အေးမြသာယာရပ်ကွက်ရှိ ကုန်းအဆင်းတွင် အရှိန်လွန်ကာ ရေကန်ဟောင်းအတွင်းသို့ ထိုးကျနစ်မြှုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယာဉ်ပေါ်တွင် သောင်းချိုကျေးရွာနေ ယာဉ်မောင်း ကိုသက်နောင် အသက်(၃၀)၊ ဇနီးဖြစ်သူ မနန်းအောင် (၂၅)နှစ်ခန့်နှင့် နှစ်လသား သမီးငယ်တစ်ဦးတို့ ပါရှိကြပြီး ယာဉ်မှာ ပါကျဲရိုး ခဲရောင် ယာဉ်အမျိုးအစား ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မိသားစုဝင်သုံးဦးအား လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပူးပေါင်းရှာဖွေလျက် ရှိသည်။


မိုးသန္တာဦး(ပြန်/ဆက်)