ဖားကန့် ၃၀ ဇွန်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်မှော်ကျေးရွာအနီး၌ မူးယစ်ဆေးဝါး ရောင်းချဖြန့်ဖြူးနေသည့် သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဇွန် ၂၉ ရက်နံနက်က အဆိုပါမူးယစ်ဆေးဝါး ရောင်းချဖြန့်ဖြူးနေသည့် ယာယီတဲများကို သွားရောက်ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းအောင်ထံမှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၃)မှ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တပ်မတော်သားများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းအဖွဲ့သည် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နန့်မှော်ကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံတွင် ရွက်ဖျင်တဲများထိုးပြီး မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းအရ သွားရောက်ရှင်းလင်းရာ မူးယစ်ဆေးဝါးရှာဖွေတွေ့ရှိခြင်း မရှိသော်လည်း အဆိုပါတဲများအတွင်း မူးယစ်ဆေးဝါးများ ရောင်းချခြင်းမပြုလုပ်နိုင်ရန် ယာယီမိုးကာ ရွက်ဖျင်တဲ ခုနစ်လုံးအား ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။
" အရင်တုန်းကလည်း မှော်ပုံဘက်မှာ ယခုလိုမျိုး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုမျိုးတွေဖြစ်ခဲ့လို့ ရှင်းလင်းခဲ့ဘူးပါတယ်။ အခုနေရာကလည်း နည်းနည်းရှုပ်ထွေးတော့ တပ်မတော်ရဲ့အကူအညီယူပြီး သွားရောက်ရှင်းလင်းရပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲဖို့ လာဝယ်တဲ့သူ ဘေးကဖြတ်သွား/ ဖြတ်လာသူတွေကိုလည်း ရိုက်နှက်တာမျိုးတွေ၊ လုယက်တာမျိုးတွေ ရှိခဲ့ဘူးပါတယ် " ဟု ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းအောင်က ပြောသည်။
ဝင်းနိုင်(ကချင်မြေ)


