ဖားကန့် ၁၉ မေ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ လယ်ယာလုပ်ကိုင်စားသောက်ကြသည့် တောင်သူများထံ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးသီးနှံမျိုးစေ့ မှော်ဘီ-၂ အမျိုးအစား တင်း ၅၀ အား မေ ၁၈ ရက် နံနက်ပိုင်းက လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာ ရှင်းလင်းဆောင်၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်ဇော်လင်းက တောင်သူများအနေဖြင့် သီးနှံမျိုးစေ့များအား စီးပွားဖြစ် ကိုယ်တိုင်ပျိုးထောင်နိုင်စေရန်အတွက် အသိပညာပေးဟောပြောခဲ့ပြီး တောင်သူများက သီးနှံအထွက်တိုးစေမည့် စိုက်ပျိုးရေးနည်းစနစ်များနှင့် ပတ်သက်၍ မေးမြန်းမှုအား ဦးစီးမှူးက ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် မိုးသီးနှံမျိုးစေ့များအား တောင်သူများထံ စနစ်တကျ ခွဲဝေထောက်ပံ့ပေးအပ်ပြီး လယ်ပြင်ကျေးရွာရှိ တောင်သူတစ်ဦး စိုက်ပျိုးထားသည့် ပဲပုတ်စိုက်ခင်းသို့ ဦးစီးမှူးနှင့် တောင်သူများက သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)