ဖားကန့်   ၂၈ ဇူလိုင်

 


ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အသေးစား သတ္တုတူးဖော်ရေးလုပ်ငန်းများ ခွင့်ပြုချထားပေးနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 


ဆွေးနွေးပွဲတွင် ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းနှင့် အဖွင့်စကားပြောကြားပြီး ကချင်ပြည်နယ် သတ္တုတွင်း လုပ်ငန်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးစောယုမှ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် အသေးစား ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုမိန့် တောင်းခံမှုမှာ လုပ်ငန်းပေါင်း (၄၀)ကျော်ရှိကြောင်း၊ တင်ပြလျှောက်ထားမှုအပေါ် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်ပြုမိန့်များကို စိစစ်ချထားပေးနိုင်ရေး၊ တရားမဝင် တူးဖော်နေမှုများအား တရားဝင်ဥပဒေနှင့် ထိန်းချုပ်ကာ စနစ်တကျ လုပ်ကိုင်စေခြင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိအောင် ဆောင်ရွက်လိုခြင်းများကြောင့် ယခုတွေ့ဆုံပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 


ထို့နောက် တက်ရောက်လာသည့် ဖားကန့်မြို့နယ် ရွှေလုပ်ငန်းရှင်များမှ သိလိုသည်များကို မေးမြန်းရာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ 

 


ကချင်ပြည်နယ်အတွင်း အသေးစား သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုမိန့် တောင်းခံတင်ပြ လျှောက်ထားမှုမှာ ဖားကန့်မြို့နယ် အပါအဝင် မြို့နယ် (၆)မြို့နယ်ရှိပြီး လုပ်ထုံးလုပ်နည်း ဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်ပြုနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 


အဆိုပါ ဆွေးနွေးပွဲသို့ ကချင်ပြည်နယ် အသေးစား သတ္တုတူးဖော်ရေးလုပ်ငန်းများ စိစစ်ချထားပေးရေး ကော်မတီဥက္ကဋ္ဌ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းနှင့် ကော်မတီဝင်များ၊ မြို့နယ် ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

 


မိုဃ်းကျ(မြစ်ကြီးနား)