ဖားကန့် ၁၁ ဩဂုတ်
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ဉရုချောင်းအထက်ပိုင်း ကံဆီး၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့က ဉရုချောင်းရေ ၈ ပေခန့် မြင့်တက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာများတွင် ချောင်းရေမြှင့်တက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဉရုချောင်းရေ မြင့်တက်မှုကြောင့် ဖားကန့်မြို့၏ အနိမ့်ပိုင်းနေရာများဖြစ်သည့် မော်ဝမ်းရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာ ဘက်ခြမ်း၊ ငှက်ပျောတောရပ်ကွက်၊ မရှီကထောင်ရပ်ကွက်နှင့် မြို့မကျောက်ဝိုင်းတို့အပြင် လုံးခင်းကျေးရွာရှိ နေအိမ်အချို့ ရေနစ်မြုပ်ခဲ့သည်။
ထို့အပြင် ဉရုချောင်းအထက်ပိုင်းရှိ နန့်စမ်းချောင်းအား ဖြတ်ကူးထားသည့် အလျားပေ(၁၂၀) ၊ အကျယ်(၁၀)ပေ၊ အမြင့်(၁၂)ပေရှိ နန့်စမ်း-၂ သံဘောင်တံတားမှာ နန့်စမ်းချောင်းရေတိုက်စားမှုကြောင့် အလယ်ကွန်ကရစ်တိုင် ၁ ပေခန့် ညွှတ်ကျမှု ဖြစ်ပွားခဲ့ရသည်။
အလားတူ ယမန်နေ့က မိုးသည်းထန်မှုကြောင့် ရေနုတ်မြောင်းများနှင့် ဉရုချောင်းအတွင်းစီးဝင်သည့် ချောင်းလက် တက်များ ရေလျံခဲ့သည့်အတွက် လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာ၌ လေးနှစ်အရွယ် ကလေးငယ်(မ)တစ်ဦး အိမ်ရှေ့ရေနုတ်မြောင်းအတွင်းပြုတ်ကျကာ ဆန်ခါချောင်းလက်တက်အတွင်း မျောပါခဲ့မှု ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။
ဉရုချောင်းရေသည် ဩဂုတ် ၁၁ ရက် (ယနေ့) နံနက်ပိုင်းမှစတင်ကာ တရိပ်ရိပ်ကျဆင်းသွားပြီး ပုံမှန် ရေမျက်နှာပြင်သို့ ရောက်ရှိရန် နှစ်ပေခန့်သာ ရေမြင့်တက်မှုရှိတော့ကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)