ဖားကန့် ၂၉ ဩဂုတ်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါ၊ မကာပင်၊ ဆပ်ပြာချောင်းတို့မှ မသန်စွမ်းသူ (အသစ်)များအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ် အကူပြုပစ္စည်းကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး ကွင်းဆင်းအရာရှိ ဦးအောင်အောင် ဦးဆောင်ပြီး ဆိပ်မူကျေးရွာအုပ်စုတွင်းမှ မသန်စွမ်းသူ(အသစ်) ထပ်တိုး သုံးဦးတို့အား နှစ်ဘီးဝှီချဲနှင့် သုံးဘီးဝှီချဲတို့ကို ထောက်ပံ့ပေးခြင်း၊ ခြေတုအသေးစား ပြန်လည်ပြင်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ်အတွင်း ရေမဆေးကျောက်ရှာဖွေချိန်တွင် ကျောက်ခဲထိမှန်ခြင်း၊ ကုမ္ပဏီမှ ဘက်ဟိုးယာဉ်များဖြင့် ကုတ်မိခြင်း၊ အခြားလုပ်ငန်းများတွင် ထိခိုက်မှုများနှင့် မိုင်းနင်းမိ သောကြောင့် ခြေထောက်ထိခိုက်ဆုံးရှုံးရသူပေါင်း (၃၇)ဦး ရှိသည်။
မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ (၁၅-၆-၂၀၂၀)ရက်နေ့အထိ စာရင်းကောက်ယူထားမှုများအရ ဖားကန့်မြို့နယ် တစ်ခုလုံး၌ မသန်စွမ်းသူပေါင်း (၁၁၅၈)ဦး ရှိကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)


