ဖားကန့် ၁ ဇူလိုင်
ကချင်ပြည်နယ်၊ ဖားကန့်ရတနာနယ်မြေ၌ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကြိုတင်တားဆီး ကာကွယ်ရေးအတွက် မြို့ဝင်/ထွက်ဂိတ်များတွင် စိစစ်ကန့်သတ်ထားမှုများအား ယနေ့ ဇူလိုင် ၁ ရက်နေ့မှစတင်၍ ဖြေလျော့ပေးလိုက်ပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဖားကန့်-လုံးခင်း ရတနာနယ်မြေသို့ ဝင်ရောက်လိုသူများအနေဖြင့် ယခင်က မိမိနေထိုင်ခဲ့ရာနှင့် သွားရောက်နေထိုင်မည့် ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူး ထောက်ခံစာများ ပါ/မပါ စစ်ဆေးခြင်း၊ ကုန်တင်ယာဉ်ငယ်များအား မြို့တွင်းဝင်ရောက်ခွင့်မပြုဘဲ ကုန်ပစ္စည်းကဲ့ ချိန်းခိုင်းစေခြင်းတို့အား ဆောင်ရွက်ခဲ့ရာမှ ယခုအခါ အဆိုပါလုပ်ငန်းစဉ်များအား ဖြေလျော့ပေးလိုက်ခြင်း ဖြစ်သည်။
"ဒီနေ့မနက်က စပြီးတော့ အဝင်/အထွက် စိစစ်ကန့်သတ်ထားတဲ့ ဂိတ်တွေအားလုံးကို စတင်ဖယ်ရှားလိုက်ပါပြီ၊ ကျန်းမာရေးစစ်ဆေးမှုတွေတော့ ဆက်လက်ဆောင်ရွက်သွားမှာပါ" ဟု လုံးခင်း(လယ်ပြင်) စုပေါင်းစစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူ ကိုကျော်သူရက ပြောသည်။
လက်ရှိတွင် ဖားကန့်ဒေသသို့ လာရောက်လိုသူများအနေဖြင့် မိမိလာရာဒေသမှ သက်ဆိုင်ရာ၏ ထောက်ခံချက်အား တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်သည့်အပြင် ပြည်ပနိုင်ငံများနှင့် ကိုဗစ်-၁၉ ဖြစ်ပွားရာဒေသမှ ဝင်ရောက်လာသူများအနေဖြင့် ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များအား လိုက်နာရမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
ဖားကန့်-လုံးခင်း ရတနာနယ်မြေတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီး ကာကွယ်နိုင်ရေးအတွက် ယခုနှစ် မတ်လ ၂၇ ရက်နေ့မှ စတင်၍ မြို့နယ်ကျန်းမာရေးဌာနနှင့် မြို့နယ်ကျန်းမာရေး အထောက်အကူပြု ကော်မတီအဖွဲ့ဝင်များက မြို့ဝင်/ထွက်ဂိတ်(၄)ခုတွင် ကိုယ်အပူချိန်တိုင်း ကျန်းမာရေးစစ်ဆေးခြင်းများ စနစ်တကျ ဆောင်ရွက်ခဲ့ပြီး ဧပြီ ၁၂ ရက်တွင် အဝင်/အထွက် စိစစ်ကန့်သတ်မှုများကို လည်းကောင်း၊ မေ ၁၇ ရက်တွင် ကုန်တင်ယာဉ်ငယ်များအား မြို့တွင်းသို့ ဝင်ရောက်လိုပါက ကုန်ပစ္စည်းများအား ကုန်ကဲ့သယ်ယူစေခြင်းများကို လည်းကောင်း ဆောင်ရွက်ခဲ့သည်။
ယခုအခါတွင် မြို့နယ်၏ ဝင်/ထွက်ပေါက် ဂိတ်လေးခုဖြစ်သည့် ကာမိုင်းမြို့ စုပေါင်းစစ်ဆေးရေးဂိတ်၊ လုံးခင်းကျေးရွာအနီးရှိ လယ်ပြင်စုပေါင်းစစ်ဆေးရေးဂိတ်၊ ဝှေခါ(မကားပင်)ဂိတ်နှင့် ဆယ်ဇင်းကျေးရွာ စစ်ဆေးရေးဂိတ်တို့တွင် ကိုယ်အပူချိန်တိုင်း ကျန်းမာရေးစစ်ဆေးခြင်းများသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး စိစစ်ကန့်သတ်မှုများအား ဖြေလျော့ပေးခဲ့ပြီ ဖြစ်သည်။
တာလင်းမောင်(ပြန်/ဆက်)


