ဖျာပုံ ၁၆ သြဂုတ်

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို သြဂုတ် ၁၆ ရက် နံနက် ၉ နာရီက ဖျာပုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေ၊ ဖျာပုံခရိုင် ပညာရေးမှူး နန့်စယ်လီလှိုင်တို့က အသီးသီးအဖွင့်အမှာစကား ပြောကြားကြပြီး ဖျာပုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ ထောက်ပံ့ငွေများအား စနစ်တကျသုံးစွဲရန်တို့ကို အသေးစိတ်ရှင်းလင်း ပြောကြားသည်။

 

ဆက်လက်၍ ထောက်ပံ့ငွေများအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေနှင့် တာဝန်ရှိသူများက အမာမြို့ အ.ထ.က ကျောင်း အားကစားကွင်း သဲဖို့ရန် ငွေကျပ်(၂၀)သိန်း၊ ဆိပ်မ အ.ထ.က ကျောင်း ရေစင်တည်ဆောက်ရန် ငွေကျပ်(၁၅)သိန်း၊ ကျုံကဒွန်းကျေးရွာ တံတားပြုပြင်ဆောင်ရွက်ရန် ငွေကျပ် သိန်း(၃၀)၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း သင်ရိုးညွှန်းတမ်းစာအုပ် လိုအပ်ချက်အတွက် ငွေကျပ်(၁၅)သိန်း၊ အောက်ကွင်းကျေးရွာ နာရေးကူညီမှုအသင်း လိုအပ်ချက်များအသုံးပြုရန် ငွေကျပ်(၂၀)သိန်း စုစုပေါင်း ထောက်ပံ့ငွေကျပ်သိန်း(၁၀၀)အား ပေးအပ်ချီးမြှင့်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် ကရင်စာပေဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ မန်းနံ့သာက ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားသည်။ အဆိုပါထောက်ပံ့ငွေများကို မြို့ရန်ပုံငွေများမှ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)