ဂန့်ဂေါ ၅ ဇူလိုင်
ဂန့်ဂေါမြို့နယ်အတွင်း ဖောငမြှောင်တောင် သီးနှံဖျက်ပိုးကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ဖီလိုမုန်းထောင်ချောက်များဖြင့် ဖလံမများကို ထောင်ဖမ်းခြင်း၊ ဥမြုံနှင့်လောက်ကောင်များကို လက်ဖြင့်ကောက်ယူဖျက်ဆီးခြင်းတို့ကို တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အပြင် လက်လုပ်ထောင်ချောက်များ ပြုလုပ်သုံးစွဲ၍လည်း ကာကွယ်နှိမ်နင်းလျက်ရှိသည်။
“ လက်လုပ်ထောင်ချောက် လုပ်နည်းကတော့ ဘေးနှစ်ဖက်က မျက်နှာချင်းဆိုင် အပေါက်နှစ်ပေါက် ဖောက်ထားတဲ့ ရေသန့်ဘူးခွံထဲ ထန်လျှက်အညိုကို ညောင်စေးကျအောင်ကြိုပြီး ရေနွေးနဲ့မပျစ်မကျဲ ရောထည့်တာပါ၊ ဘူးကို ပြောင်းပင်အမြင့်နဲ့ အနေတော်အမြင့်မှာ တုတ်တိုင်နဲ့ ကပ်ချည်ထားတာပါပဲ ၊ ကုန်ကျစရိတ်လည်း နည်းပါတယ် " ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ဇော်က ပြောသည်။
ထိုသို့ လက်လုပ်ထောင်ချောက်များ တပ်ဆင်ခြင်းကို ယနေ့နံနက်တွင် နှမ်းခါး၊ မွှေ့လယ်၊ ထယ်လှော်၊ ကျွန်းဒတ် စသည့်ကျေးရွာ ပြောင်းစိုက်ခင်းများ၌ စိုက်ပျိုးရေးဦးစီးဌာန ဂန့်ဂေါခရိုင်ဦးစီးမှူး ဦးကျော်မင်းသန့်၊ ဂန့်ဂေါမြို့နယ်ဦးစီးမှူး ဦးထင်အောင်ကြွယ်၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်မြင့်မြင့်နွယ်တို့ ဦးဆောင်၍ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ကြသည်။
ဖောငမြှောင်တောင် အမတစ်ကောင်သည် တစ်ခါဥလျှင် ဥ ၁၀ဝ မှ ၂၀ဝ ထိ ဥနိုင်ပြီး ၎င်း၏ သက်တမ်းတစ်လျှောက် ဥပေါင်း ၂၀ဝ၀ ခန့် ဥနိုင်သဖြင့် ဖလံအမတစ်ကောင်ကို ဖမ်းမိပါက ငမြှောင်တောင် လောက်ကောင် ၂၀ဝ၀ ပေါက်လာမည်ကို တားဆီးနိုင်ခြင်းဖြစ်၍ ပြောင်းဖူးအပင်၂၀ဝ၀ ကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


