ဂန့်ဂေါ ၃၀ ဇွန်
ဂန့်ဂေါမြို့နယ်အတွင်း ဖောငမြှောင်တောင်ပိုး ကျရောက်ဖျက်ဆီးမှုကို စောစီးစွာ ကြိုတင်သိရှိပြီး ထိရောက်စွာ စနစ်တကျ ကာကွယ်နှိမ်နင်းနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ဂန့်ဂေါခရိုင်နှင့် ဂန့်ဂေါမြို့နယ် ရုံးများမှ ဝန်ထမ်းများသည် ကျေးရွာများအရောက် ကွင်းဆင်း၍ တောင်သူများအား ပညာပေးဆွေးနွေးခြင်း၊ ပြောင်းဖူးစိုက်ခင်းများတွင် ပိုးမွှားကျရောက်မှုအခြေအနေ ကင်းထောက်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ဆောင်ရွက်လျှက်ရှိရာတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မင်းသန့်၊ ခရိုင် သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်နွယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ဇော်တို့နှင့် ဝန်ထမ်းများသည် ဇွန် ၃၀ရက် နံနက်ပိုင်းက လာပို့ကျေးရွာသို့ကွင်းဆင်း၍ ပြောင်းဖူး စိုက် တောင်သူများနှင့်တွေ့ဆုံကာ ဖောငမြှောင်တောင်ပိုး ကျရောက်မှုကို ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းစနစ်များဖြင့် စနစ်တကျ ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ရေး ပညာပေးဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တောင်သူ ဦးအောင်ထွန်း၏ ဖူးစားပြောင်းစိုက်ခင်းတွင် ငမြှောင်တောင်ပိုးကျရောက်မှု ကြိုတင်ထောက်လှမ်း သိရှိနိုင်ရန် ဖီရိုမုန်းထောင်ချောက် Pheromone trap များကို ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံက စိုက်ထူပေးပြီး ထောင်ချောက်အသုံးပြုနည်းများကို ရှင်းလင်းပြောပြခဲ့ကြောင်းနှင့် လာရောက် လေ့လာကြသော တောင်သူများသို့ ဖောငမြှောင်တောင်ပိုးအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်


