၁၃ မေ
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ ကိုတာဘာတို မြို့တော်နှင့် အိမ်နီးချင်း မာဂွန်ဒါနာအိုပြည်နယ်တွင် သက်တမ်းဝက် ရွေးကောက်ပွဲမတိုင်မီ နာရီအနည်းငယ် အလို၌ ပေါက်ကွဲမှု သုံးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း စစ်တပ်နှင့် ရဲတပ်ဖွဲ့အာဏာပိုင်များက ယနေ့ပြောကြားခဲ့သည်။
ကိုတာဘာတို မြို့တော်ခန်းမဝင်း အပြင်ဘက်တွင် တနင်္ဂနွေနေ့ည ဒေသစံတော်ချိန် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ပထမဆုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ကိုတာဘာတို မြို့တော် ရဲတပ်ဖွဲ့ ရဲအုပ် တီအိုဖီတိုဖါရာ က ပြောကြားခဲ့သည်။
မသင်္ကာဖွယ်ရာ အမည်မသိသူတစ်ဦးက လက်ပစ်ဗုံးသုံးပြီး ပစ်ခဲ့ခြင်းကြောင့် ထိုပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဖါရာ ကဆိုသည်။
ယနေ့မနက် ၁ နာရီ ခန့် က မာဂွန်ဒါနာအိုပြည်နယ် ဒါတူအိုဒင်စင်ဆော့ မြို့တော်ရှိ စည်ပင်သာယာခန်းမအတွင်း လက်ပစ်ဗုံးတစ်လုံး တစ်စစီကွဲကာ ဒုတိယ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
နာရီပေါင်းများစွာ အကြာမှာ မာဂွန်ဒါနာအို ပြည်နယ် ဒါတူအိုဒင်စင်ဆော မြို့တော်တွင်လည်း မနက် ၇ နာရီ ၂၀ မိနစ်ခန့်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ကြောင်းနှင့် ယင်းပေါက်ကွဲမှု ဖြစ်ပွားသည့် ပေါက်ကွဲစေသည့် ပစ္စည်းအမျိုးအစားကို မဆုံးဖြတ်ရသေးကြောင်း ဖိလစ်ပိုင်တပ်မတော်၏ ပြည်သူ့ရေးရာအကြီးအကဲဖြစ်သူ နိုလ်ဒီတိုရာတို ပြောကြားချက်အရ သိရသည်။
အဆိုပါ ပေါက်ကွဲမှုများကြောင့် ယခုချိန်ထိ သေဆုံး ၊ ဒဏ်ရာရသူ မရှိသေးကြောင်း ဖော်ပြထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို