နေပြည်တော် မတ် ၆

ဖက်စပ်လုပ်ငန်းများ၊ အစိုးရနှင့်ပုဂ္ဂလိက နည်းလမ်းအမျိုးမျိုးဖြင့် ပူးပေါင်းဆောင်ရွက် သည့်လုပ်ငန်းများ စာရင်းစစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပသည်။ 

ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဉီးက အစိုးရ ဌာနအဖွဲ့အစည်းများတွင် ပုဂ္ဂလိကနှင့်ဖက်စပ်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ (Joint Venture)၊ အစိုးရနှင့်ပုဂ္ဂလိကတို့အကြား နည်းလမ်းအမျိုးမျိုးဖြင့် ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများကို သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းwများက စီမံကြီးကြပ်ဆောင်ရွက် ရာတွင်လည်းကောင်း၊ လုပ်ငန်းနှင့်စာရင်းများ စစ်ဆေးမှုနှင့်စပ်လျဉ်း၍ အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် စာရင်းလုပ်ငန်းလုပ်ကိုင်နေသူ(PAPP) များ ခန့်ထားရာတွင် လည်းကောင်း၊ အထောက်အကူဖြစ်စေရန်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်နှင့်တာဝန်များကို ပိုမိုရှင်းလင်းလွယ်ကူပြီး လုပ်ငန်းများထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများကို စွမ်းဆောင်ရည် ပြည့်မီစွာဖြင့် စာချုပ်ပါ ရည်ရွယ်ချက်ကို သတ်မှတ်ကာလအတွင်း ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် အရေးကြီးပါကြောင်း။

အဆိုပါလုပ်ငန်းများတွင် စာရင်းစစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်နေသည့် အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် စာရင်းလုပ်ငန်းလုပ်ကိုင်နေသူ(PAPP)များ အား စာရင်းစစ် ခန့်အပ်ခြင်း၊ စာရင်းစစ်ဆေးခြင်း နှင့်တာဝန်ရှိမှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းစွာ ဆောင်ရွက်နိုင်စေရန် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် စာရင်းစစ်ဆေးခြင်း၊ အစီရင်ခံစာပေးပို့ခြင်း၊ အစီရင်ခံစာအပေါ် ကုမ္ပဏီ၊ ဌာနများမှ ဆောင်ရွက်ပြီးစီးမှု အခြေအနေ ပြန်ကြားခြင်း၊ Follow up ဆောင်ရွက်ခြင်းဆိုင်ရာများကို ရှင်းလင်းပြောကြားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူတို့အတွက် အကျိုးစီးပွား ဖြစ်ထွန်းမည့်လုပ်ငန်းများ ဖြစ်ပေါ်လာစေရေး၊ ဝန်ဆောင်မှုအရည်အသွေးပိုမို ကောင်မွန်စေရေး၊ အစိုးရ၏ ဘဏ္ဍာငွေကြေးဝန် ထုတ်ဝန်ပိုးကိုလျှော့ချ၍ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်း၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားစေ လိုပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် စစ်ဆေးရေးဉီးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာဖြူအေးက ဖက်စပ်ကုမ္ပဏီများ၊ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေစာရင်း၊ ပြည်ပချေးငွေ၊ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော စီမံကိန်းစာရင်းများ စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊  စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြဇင်က နည်းလမ်းအမျိုးမျိုးဖြင့်ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများ၊ အစိုးရဌာန၊ အဖွဲ့အစည်းများ၏ကြီးကြပ်မှု၊ စီမံခန့်ခွဲမှုဖြင့်ဆောင်ရွက်သည့် အခြားရန်ပုံငွေ စာရင်းများနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။ 

ယင်းနောက် ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အများပြည်သူသို့စာရင်းဝန်ဆောင်မှုပေးသည့် စာရင်းလုပ်ငန်းလုပ်ကိုင်နေသူများက သိလိုသည်များကို ဆွေးနွေးမေးမြန်းကြပြီး မေးမြန်းမှုများအပေါ် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များ အသင်းဥက္ကဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား၍ ဒုတိယစာရင်းစစ်ချုပ်က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။

ညှိနှိုင်းဆွေးနွေးပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်းဥက္ကဌ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဘုတ်အဖွဲ့ဝင်များနှင့်  အများပြည်သူသို့စာရင်း ဝန်ဆောင်မှုပေးသည့် စာရင်းလုပ်ငန်းလုပ်ကိုင်နေသူများက နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမမှလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံး များမှတာဝန်ရှိသူများ၊ အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် စာရင်းလုပ်ငန်းလုပ်ကိုင် နေသူများက  Online ဖြင့် လည်းကောင်း တက်ရောက်ကြသည်။

သတင်းစဉ်