ရိခေါ်ဒါရ်   ၁၇   စက်တင်ဘာ  

 

ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ရိခေါ်ဒါရ်မြို့တို့အား ဆက်သွယ်ထားသည့် ဖလမ်း-ရိခေါ်ဒါရ် လမ်းကြောင်း ပြုပြင်ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ရိခေါ်ဒါရ်မြို့ အုပ်ချုပ် ရေးမှူး ဦးကျင်လမ်းခိုင် ဦးဆောင်ပြီး လမ်းဦးစီးဌာနတာဝန်ခံ ဒေါ်မိုင်မာလာ၊ ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေး ကော်မတီအဖွဲ့မှ ဦးဆလိုင်းသိန်းဌေးလွင်၊ ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချန့်လျန်နာ၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်နှင့် လမ်းဦးစီးဌာနမှ အငယ်တန်း အင်ဂျင်နီယာ (၃) ဦးဗျားဇမုန်တို့အဖွဲ့သည် ယမန့်နေ့က ဖလမ်းမြို့နယ်၊ ထိန်းစာန်းကျေးရွာအနီး၌ နယ်မြေဒေသအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖလမ်း-ရိခေါ်ဒါရ်လမ်းကြောင်း ပြုပြင်ရေးကွင်းဆင်းဆောင်ရွက်မှုသည် ဖလမ်း- ရိခေါ်ဒါရ် လမ်းကြောင်းအနီးရှိ ထိန်းစာန်းကျေးရွာ ပြည်သူလူထုများမှ မိမိတို့ကျေးရွာအား ဖလမ်း- ရိခေါ်ဒါရ် မော်တော်ကားလမ်းကြောင်းအနီး၌ ရှိပါသော်လည်း လမ်းမကြီးသည် ကျေးရွာ အတွင်း ဖြတ်သန်းသွားခြင်းမရှိဘဲ ကျေးရွာနှင့်အပေါ်ပိုင်း၌ ဖြတ်သွားခြင်းကြောင့် စားဝတ် နေရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အခြားသောကိစ္စရပ်များ၌ အဆင်မပြေမှုများရှိပြီး မိမိတို့ကျေးရွာအား အဆိုပါ ကားလမ်းမအနီးသို့ ပြောင်းရွှေ့သွားမည်ဆိုပါကလည်း သောက်သုံးရေ သွယ်ယူစရာမရှိဘဲ အခက်အခဲ ရှိနေကြောင်း၊ သို့ဖြစ်ပါ၍ ဖလမ်း-ရိခေါ်ဒါရ် လမ်းကြောင်းအား မိမိတို့ကျေးရွာကိုဖြတ်၍ လမ်းကြောင်း ပြုပေးပါရန် သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုမှုအပေါ် ကွင်းဆင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

လမ်းကြောင်းစစ်ဆေးဆောင်ရွက်သည့် ကွင်းဆင်းအဖွဲ့သည် ထိန်းစာန်းကျေးရွာပြည်သူ များနှင့်တွေ့ဆုံကာ ဖလမ်း-ရိခေါ်ဒါရ်ကားလမ်းကြောင်းအား လက်ရှိလမ်း၏ အောက်ဘက်၌ ဖောက်လုပ်ပြုပြင်လိုသည့်နေရာများ၊ ပထဝီမြေ အနေအထားအရ အဆင်ပြေသည့်နေရာများနှင့် ကျေးရွာကိုဖြတ်၍ ဖောက်လုပ်နိုင်မည့်နေရာများလေ့လာဆန်းစစ်ပြီး နယ်မြေဒေသအရောက် ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ လမ်းကြောင်းပြုပြင်ဆောင်ရွက်မည့်နေရာ၊ အတိုင်းအတာနှင့် ခန့်မှန်းကုန်ကျစရိတ်တွက်ချက်မှုများကို ကျေးရွာပြည်သူများနှင့်ပူးပေါင်း၍ အမြန်ဆုံး ဆောင်ရွက်ကာ သက်ဆိုင်ရာသို့ ဆက်လက်တင်ပြပေးသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။

 

လာလ်ပက်လောမ် (ပက်ကာ)