ဖလမ်း ၁၅ ဩဂုတ်
ဖလမ်းမြို့၏ ပထမဆုံး ရေကူးကန်ဖြစ်သည့် လိုင်လွန် ရေကူးကန်တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သဖြင့် ဩဂုတ် ၁၅ ရက်က ရေကူးကန်တည်ရှိရာ လိုင်လွန်ခြံတွင် ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
COVID-19 ကာလ ဖြစ်သည့်အတွက် ဖွင့်ပွဲအခမ်းအနားကို လူနည်းစုဖြင့်သာ ကျင်းပပြီး၊ ဆုတောင်းဆက်ကပ်မှုဖြင့် ရေကူးကန်ကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ရေကူးကန်ကို ဖလမ်းမြို့ Chin Christian Institute Of Theology ကျောင်းမှ ဦးစီးလုပ်ကိုင်နေသည့် စံပြစိုက်ပျိုး မွေးမြူရေးခြံ၊ လိုင်လွန် Intigrated Development Center အတွင်း တည်ဆောက်ထားခြင်းဖြစ်ပြီး အကျယ် ၃၀x၆၀ ပေ၊ အနက် ၅ ပေ ၅ လက်မ ရှိသည့် လူကြီးရေကူးကန်နှင့် အကျယ် ၁၆x၁၈x၂ ပေ၊ အနက် ၁ ပေခွဲရှိ အသည်းပုံ ကလေးရေကူးကန် တို့ ပါဝင်ကြောင်း သိရှိရသည်။
ပြည်သူများ အပန်းဖြေရန်နှင့် ရေကူးသင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရန် ရည်ရွယ်တည်ဆောက်ထားသော်လည်း လက်ရှိအနေအထားအရ ရေကူးသင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
လိုင်လွန်ဒေသသည် ချင်းရာဇဝင်မှတ်တမ်းများအရ လိုင်မျိုးနွယ်စုများ ဆင်းသက်ရာနေရာဖြစ်ပြီး လေ့လာစရာ ကျောက်ဂူများရှိသည့်အတွက် ပွင့်လင်းရာသီတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူ များပြားသည့် နေရာတစ်ခုဖြစ်ကြောင်း သိရှိရသည်။
#MRTV