ရန်ကုန် ၂၈ မေ
ဖန်ဂရမ်ရာဇီရေခဲတောင်တက်ခရီးစဉ်အတွင်း မတော်တဆဖြစ်ရပ်ကြုံတွေ့ရသော မစိမ့်ထက်၏ ရုပ်အလောင်းမှာ ယခုအခါ ပူတာအိုဆေးရုံသို့ ရောက်နေပြီဖြစ်ကြောင်း သိရသည်။
ဧပြီလလယ်က မြန်မာနိုင်ငံမြောက်ဖျား ပူတာအိုဒေသရှိ ဖန်ဂရမ်ရာဇီတောင်ထိပ်သို့ တက်ရောက်ခဲ့ပြီး တောင်ထိပ်မှအပြန်ခရီးတွင် တောင်အောက်သို့ ပြုတ်ကျသွားခဲ့သော မစိမ့်ထက်၏ရုပ်အလောင်းကို မြန်မာနိုင်ငံ ခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ်မှ ဒုတိယအကြိမ်ရှာဖွေမှုပြုလုပ်စဉ် တွေ့ရှိပြီဖြစ်ကြောင်း သိရသည်။
“ပြုတ်ကျသွားတဲ့ မစိမ့်ထက်ရဲ့ရုပ်အလောင်းကို မေလ ၂၄ ရက်က ပြန်လည်တွေ့ရှိတာပါ။ ပူတာအိုမှာပဲ သင်္ဂြိုဟ်မယ်ကြားတယ်။ သိပ်တော့ မသေချာသေးဘူး။ ရန်ကုန်သယ်ဖို့တော့ အဆင်မပြေဘူးထင်တယ်။ တောင်တက်အဖွဲ့နဲ့ ဒေသခံတွေပေါင်းပြီး ဒုတိယအကြိမ် ရှာဖွေမှ တွေ့ရှိခဲ့တာပါ။ ရုပ်အလောင်းကတော့ တောထဲက သယ်လာပြီး ဒီညနေ ၄ နာရီခွဲလောက်မှာ ပူတာအိုဆေးရုံရောက်တယ်။ ရင်ခွဲရုံမှာ ဆရာဝန်တို့၊ ရဲတို့စတင်စစ်ဆေးမှု ပြုလုပ်ပြီးတော့ ရင်ခွဲရုံမှာပဲ ထားပါတယ်” ဟု ပူတာအို မြို့မှ တောင်တက်လမ်းပြတစ်ဦးဖြစ်သည့် ဦးယောဆက်က ပြောသည်။
ဖြစ်စဉ်မှာ ကချင်ပြည်နယ် ပူတာအိုရှိ ဖန်ဂရမ် ရာဇီတောင်သို့ မစိမ့်ထက်အပါအဝင် အဖွဲ့ဝင် ၂၁ ဦး ပါဝင်သော The Summiter တောင်တက်အဖွဲ့သည် ဧပြီ ၆ ရက်တွင် ထွက်ခွာတက်ရောက်ခဲ့ကာ ဧပြီ ၁၂ ရက် နံနက်ပိုင်းတွင် တောင်ထိပ်သို့ ရောက်ရှိခဲ့ပြီး နံနက်ကိုးနာရီကျော်တွင် တောင်အောက်သို့ပြန်ဆင်းရာမှ မစိမ့်ထက် ခြေချော်ကာ တောင် အောက်သို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မစိမ့်ထက် ပြုတ်ကျခဲ့သည့်နေရာကို မြန်မာနိုင်ငံ ခြေလျင်တောင်တက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျင်ဦး ခေါင်းဆောင်သော အဖွဲ့က ဧပြီ ၂၄ ရက်၌ စတင်ထွက်ခွာကာ မေလဆန်းအထိ သွားရောက်ရှာဖွေခဲ့သော်လည်း မစိမ့်ထက်၏ လုံခြုံရေးအင်္ကျီနှင့်မျက်မှန်သာ တွေ့ရှိခဲ့သည်။
ယခု ဒုတိယအကြိမ်ရှာဖွေမှုကို မြန်မာနိုင်ငံ ခြေလျင်နှင့်တောင်တက်အဖွဲ့က ဒေသခံတောင်တက် သမားများနှင့် ပူးပေါင်းကာ မေ ၁၈ ရက်က စတင်တက်ရောက်ရှာဖွေခဲ့ရာ မေ ၂၄ရက်တွင် ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“အခုက ပူတာအိုဆေးရုံမှာပါ။ မှုခင်းဆရာဝန်ကြီး ရဲ့ဆုံးဖြတ်ချက်ကို စောင့်နေပါတယ်” ဟု မစိမ့်ထက်၏ ဖခင်ဖြစ်သူ ဦးမောင်မောင်လေးက ပြောသည်။
ထင်ပေါ်ဝင်း၊ မြင့်မောင်စိုး