ကလော ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ် နန်းနိုင်ကျေးရွာအုပ်စု ကျောက်ဆုတ်ကျေးရွာတွင် ကလောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးခင်နိုင်နှင့် ကလောမြို့ အမှတ်(၃) ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီးမိုးဇော်ခိုင်တို့ ဦးစီး၍ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာများပါဝင်သည့် ဘိန်းခင်းဖျက်ဆီးရေးပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းမှ စတင်၍ ဘိန်းခင်းများကို ရှာဖွေကာ လိုက်လံဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဘိန်းခင်းဖျက်ဆီးရေးပူးပေါင်းအဖွဲ့သည် နန်းနိုင်ကျေးရွာအုပ်စု ကျောက်ဆုပ်ကျေးရွာ၏ အနောက်ဘက် ၂ မိုင် ၂ ဖာလုံခန့်အကွာ တောင်ကြားနံရံများကြား၌ အမြင့် နှစ်ပေမှ လေးပေခန့်ရှိ ဖူးပွင့်ဆဲဘိန်းခင်း ၂ ဒသမ ၅ ဧက၊ ဆက်လက်ရှာဖွေရာ ဖူးပွင့်ဆဲဘိန်းခင်း ၃ ဒသမ ၅ ဧက တို့ကို အသီးသီးဖျက်ဆီးနိုင်ခဲ့သည်။ ဆက်လက်၍ ဘိန်းခင်းဖျက်ဆီးရေး ပူးပေါင်းအဖွဲ့သည် နန်းနိုင်ကျေးရွာအုပ်စု မြေခြားကျေးရွာ၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ တောင်ကြားနံရံများ၌ အမြင့် သုံးပေမှ လေးပေခန့်ရှိ ဖူးပွင့်ဆဲ ဘိန်းခင်း ၃ ဧက၊ ဆက်လက်ရှာဖွေရာ ဖူးပွင့်ဆဲဘိန်းခင်း ၂ ဧကခန့် စုစုပေါင်း ဘိန်းဘင်း ၁၁ ဧကတို့ကို အသီးသီးဖျက်ဆီးနိုင်ခဲ့ကြောင်းသိရသည်။

 

မြို့နယ်(ပြန်/ဆက်)