နေပြည်တော်၊ ဒီဇင်ဘာ ၁၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရှိ Two River Co.,Ltd အအေးခန်းစက်ရုံ သို့သွားရောက်ပြီး UAE နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အေးခဲငါးပုစွန်များတင်ပို့ရန် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ မြင့်မြတ်ဟိန်း ကုမ္ပဏီလီမိတက်အအေးခန်းစက်ရုံ၏ ပုစွန်ပြုပြင် ထုတ်ပိုးခြင်း၊ အေးခဲခြင်း၊ သိုလှောင်ခြင်း လုပ်ငန်းများနှင့် ဥရောပဈေးကွက်နှင့် ဂျပန်နိုင်ငံတို့သို့တင်ပို့ရန် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာနိုင်ငံများက သတ်မှတ်ထားသည့် ပို့ကုန်ပစ္စည်းစံချိန်စံညွှန်းများနှင့်အညီ ဖြစ်စေရေး၊ စျေးကွက်တောင်းဆိုမှုအရ ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းတိုင်းတွင် ကျွမ်းကျင်သည့် ဝန်ထမ်းများဖြစ်စေရေး စွမ်းဆောင်ရည်မြှင့် လေ့ကျင့်သင်ကြားပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ယနေ့တွင် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရှိ Gyo Gone Jetty ငါးဖမ်းရေယာဉ် ဆိပ်ခံတံတားလုပ်ငန်းများ၊ လှိုင်မြို့နယ် ရွှေဇင်ယော်ဟိန်း ငါးဖမ်းရေယာဉ် ဆိပ်ခံတံတား လုပ်ငန်းများနှင့် ငါးဖမ်းရေယာဉ် အဝင်အထွက် ငါးပုစွန် ဝင်ရောက်မှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ခံများက တစ်ရက်လျှင် ငါးပိဿာချိန် (၅၀၀၀၀) ဝင်ရောက်မှု၊ ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးပေးနေမှု၊ ဥရောပဈေးကွက်နှင့် အခြားပြည်ပ ဈေးကွက်များသို့ တင်ပို့မှုများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက စားသုံးသူပြည်သူများ လက်ဝယ်သို့ တိုက်ရိုက်ရောင်းချနိုင်ရေး၊ မိမိနိုင်ငံ၏ ရေပြင်အတွင်း ငါးသယံဇာတ အရင်းအမြစ်များ ရေရှည်တည်တံ့စေရေးနှင့် စဉ်ဆက်မပြတ် ဖမ်းဆီးထုတ်လုပ်နိုင်ရန် တည်ဆဲဥပဒေ နည်းဥပဒေများကို လိုက်နာဆောင်ရွက်ကြရေး ဆွေးနွေးမှာကြားပြီး ငါးပုစွန်များရောက်ရှိမှု နှင့် ရွေးချယ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်