နေပြည်တော်၊ ဇွန် ၃

ပို့ကုန်တိုးမြှင့်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိတိုင်းဒေသကြီး ဦးစီးမှူးရုံး၌ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့မှ တိုင်းဒေသကြီးဦးစီးမှူးများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၊  မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကုန်သည်များအသင်းဥက္ကဋ္ဌတို့ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပို့ကုန်တိုးမြှင့်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တင်ပို့ရမည့် ပို့ကုန်တန်ဖိုးကို လျာထားသတ်မှတ်ထားပြီးဖြစ်ကြောင်း၊ အလားတူ ဆန်၊ ပဲ၊ ပြောင်း၊ ရော်ဘာ၊ ပို့ကုန်များ လအလိုက်တင်ပို့ရန် လျာထားသတ်မှတ်ပြီးဖြစ်ကြောင်း၊ သတ်မှတ် လျာထားချက်အတိုင်း ပြည့်မီကျော်လွန်စွာ တင်ပို့နိုင်ရေး အင်တိုက်အားတိုက်ဖြင့် မဖြစ်မနေ ဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း၊  ဆန်စပါးကဏ္ဍ ပြည်ပတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု၊ ကြိတ်ခွဲပြုပြင်ခြင်း လုပ်ငန်းမှသည် ဖြန့်ဖြူးရောင်းချ၍ တင်ပို့သည်အထိ ထုတ်လုပ်မှု တန်ဖိုးကွင်းဆက် (Supply Chain) တစ်လျှောက် ဟန်ချက်ညီညီ အားထည့်ဆောင်ရွက်ရန်၊ ပြည်ပဈေးကွက် ပိုမိုရရှိအောင် ဆောင်ရွက်ရန်၊ ပဲမျိုးစုံနှင့် ပြောင်းကိုလည်း တိုးမြှင့်တင်ပို့နိုင်ရန်၊ ပြည်တွင်းကောက်ပဲသီးနှံ ဈေးကွက်တည်ငြိမ်စေရန်၊ မျှတသည့် ကုန်သွယ်မှု၊ မှန်ကန်သည့် ကုန်သွယ်မှုဖြစ်ပေါ်စေရန်နှင့် ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့စေရန်၊ CMP အထည်ချုပ်လုပ်ငန်းများ၊ ငါး၊ ပုဇွန်၊ အခြားရေထွက်ပစ္စည်းများ ပိုမိုတင်ပို့ရန်တို့ကိုမဖြစ်မနေ အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ရန်၊ ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေးအတွက် ပို့ကုန်ဆန်သင်္ဘောများ ဦးစားပေးဆိပ်ကမ်းကပ်ခွင့်ရရှိရေး၊ ကုန်သေတ္တာရရှိရေး၊ ကုန်တင်ယာဉ် ရရှိရေးနှင့် ကုန်တင်ဆိပ်ကမ်းများ၏ လိုအပ်ချက်များကို ပူးပေါင်း ကူညီဆောင်ရွက်ပေးရန်တို့ကို တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်