ပိုင်ကျုံ ၂၅ ဩဂုတ်  

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ဒေသခံပြည်သူများ စိုက်ပျိုးရေးအကြောင်း သိ‌ကောင်းစရာများ သိရှိစေရန်နှင့် စပါးအထွက်နှုန်း တိုးတက်စေရန် ရည်ရွယ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တောင်သူများ စိုက်ပျိုးရေးထိခိုက်မှု မရှိစေရေးအတွက် ပထမအကြိမ် ထောက်ပံ့ငွေများနှင့် လင်းနို့ဂူဩဂဲနစ် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုး‌ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးမှူးရုံး၌ ခဲ့သည်။

 

တောင်သူများအတွက် နိုင်ငံတော်မှ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ထောက်ပံ့ငွေ(၂)ကြိမ် ထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး ယခုပထမအကြိမ်တွင် ထုတ်လုပ်စိုက်ပျိုးသည့် လယ်တစ်ဧကလျှင် ငွေကျပ် ၈၃၅၀၀ နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကာ တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးထားသော မျိုးစေ့ထုတ်စပါးစိုက်ခင်းများတွင် ရာသီအလိုက်ပေါင်းရှင်းခြင်း၊ ဓါတ်မြေဩဇာထည့်ကျွေးခြင်းများ ပြုလုပ်မှုမရှိဘဲ အပင်များဖြစ် ထွန်းမှုမရှိပါက ဒုတိယအကြိမ်ထောက်ပံ့ငွေများ ထုတ်ပေးမည် မဟုတ်ကြောင်း၊ မျိုးစေ့ထုတ်လုပ်ငန်း အဆင့်ဆင့်ကိုလည်းရရှိသော ထောက်ပံ့ငွေများအား လယ်ယာလုပ်ငန်းတွင်အကျိုးရှိရှိ အသုံးချစေရန် လိုအပ်ကြောင်း ပိုင်ကျုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦး‌အောင်မွန် က ထောက်ပံ့ပေးအပ်ပွဲတွင်  ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မျိုးစေ့ထုတ်တောင်သူ(၁၂)ဦး၏ လယ်မြေ(၃၅)ဧကအတွက် တစ်ဧကလျှင် (၈၃၅၀၀)ကျပ်နှုန်းဖြင့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ ကျပ် (၂၉၂၂၅၀၀) နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော လင်းနို့ဂူဩဂဲသဘာ၀မြေဩဇာအိတ် (၁၀၀) ကို တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပိုင်ကျုံ(ပြန်/ဆက်)