နေပြည်တော် ဒီဇင်ဘာ ၂၈

ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ (၄၁)ကြိမ်‌မြောက် အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ပိုးသတ်ဆေးများကို မဆင်မခြင် သုံးစွဲလာခြင်းကြောင့် ပိုးပွှားမဟုတ်သော ပိုးကောင်များ ထိခိုက်သေကြေစေခြင်း၊ ဖျက်ပိုးများကို ကျရောက်သော မိတ်ဆွေပိုးများ၊ ငှက်များ၊ ငါးများနှင့် နို့တိုက်သတ္တဝါများ သေကြေ၍ ကွင်းဆက်များ ပျက်စီးခြင်း၊ ရေနှင့်သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ မြေဆီလွှာအတွင်းရှိ တီကောင်အပါအဝင် ဇီဝမျိုးစုံနှင့် မြေဆီလွှာအာဟာရများ ပျက်စီးကာ မြေဆီလွှာ ကျန်းမာရေးကို ထိခိုက်စေပါကြောင်း၊ ပိုးသတ်‌ဆေးများ ကြိမ်ဖန်များစွာ ပက်ဖျန်းခြင်းကြောင့် ဖျက်ပိုးများက ပိုးသတ်ဆေးကို ခံနိုင်စွမ်းရည်ရှိလာကြ၍ နှိမ်နင်းရန်ခက်ခဲကြောင်း၊ ထို့ကြောင့် ပိုးသတ်ဆေးများကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် မညီညွတ်ပါက မှတ်ပုံတင်ခွင့် ပေးမည်မဟုတ်ကြောင်း။

ထို့ကြောင့် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော နည်းပညာ အထောက်အကူရရှိရန် ကျွမ်းကျင်ပညာရှင်များ ပါဝင်သော နည်းပညာကော်မတီသို့ လိုအပ်သည့် သတင်းအချက်အလက်များကို ပြုစုတင်ပြခြင်း၊ စိစစ်သုံးသပ်အကြံပြုခြင်း၊ အရည်အသွေး စစ်ဆေးခြင်း၊ သီးနှံဖျက်ပိုးအပေါ် ထိရောက် စေနိုင်မှု(Efficacy) လူနှင့်အခြား အကျိုးပြု သတ္တဝါများအပေါ် အဆိပ်သင့်နိုင်မှု (Toxicity) များကို စိစစ်သုံးသပ် အကြံပြုခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပိုးသတ်ဆေးဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာမှု မရှိသူများ၊ ဖောက်ဖျက်ကျူးလွန်သူများ လျော့နည်းပပျောက်သွားသည်အထိ ပိုးသတ်ဆေးဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ပိုးသတ်ဆေး နည်းပညာ ကော်မတီဝင်များ စိစစ်တင်ပြလာသော ပိုးသတ်ဆေး အမျိုးပေါင်း (၁၀၉ )မျိုးကို အတည်ပြုပေးနိုင်ရေး ဆွေးနွေးကြခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်