နေပြည်တော် ၂ ဇူလိုင်

 

ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ (၃၁)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ညနေပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်က နိုင်ငံ၏အဓိက စားသုံးသီးနှံများနှင့် ပြည်ပပို့ကုန်သီးနှံများ အထွက်နှုန်း တိုးတက်စေရေး အထောက်အကူပြုသော သွင်းအားစု တစ်ခုဖြစ်သည့် ပိုးသတ်ဆေးများ သုံးစွဲရာတွင် အရည်အသွေးစစ်မှန်သော ပိုးသတ်ဆေးများကို ထိရောက်စွာအသုံးပြုနိုင်ရန် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့အနေဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ သတ်မှတ်ထားသော ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်စွာ လိုက်နာဆောင်ရွက်ရေးကိုလည်း သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်သည့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များက စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လတ်တလော လူမှုကွန်ယက် စာမျက်နှာများတွင် စိုးရိမ်စွာ ဖော်ပြနေကြသည့် ကန္တာရကျိုင်းကိစ္စနှင့် ပတ်သက်၍ သီးနှံကာကွယ်ရေးဌာနမှ  ပညာရှင်များက စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးနှင့် ဟုမ္မလင်းဒေသများသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကန္တာရကျိုင်း အမျိုးအစား မဟုတ်ပါကြောင်း၊ ဒေသတွင် နဂိုရှိပြီး အမျိုးအစားများဖြစ်ပြီး ဖျက်ဆီးမှုမရှိပါကြောင်း၊ ကောလင်း၊ ဝန်းသိုနှင့် ရခိုင်ပြည်နယ် သံတွဲမြို့တို့တွင် တွေ့ရသော နှံကောင်အမျိုးအစားများမှာလည်း နိုင်ငံအတွင်း မူလရှိပြီးဖြစ်သော ကော်ဖီနှံကောင် (Coffee Locust) ဖြစ်ကြောင်း အကောင်နမူနာ အရှင်များကို စစ်ဆေးမျိုးခွဲ၍ တွေ့ရှိရပါကြောင်း၊ စိုက်ပျိုးပညာပေးဝန်ထမ်းများကိုလည်း ကန္တာရကျိုင်း(နှံကောင်)နှင့် ပတ်သက်၍ အထူးသတိထား စောင့်ကြည့်ခြင်း၊ ခွဲခြားသိမြင်နိုင်ရေးအတွက် ခွဲခြားနည်းများအား ရှင်းလင်းအသိပေးထားပြီးဖြစ်ကာ နှိုးဆော်ချက်များကိုလည်း ထုတ်ပြန်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း ပြောကြားသည်။ 

 

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့သည် ပိုးသတ်ဆေးသုံးစွဲသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ စားသုံးသူများနှင့် သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ပိုးသတ်ဆေး၏ အကျိုးအာနိသင် ထိရောက်မှုရှိစေရန်တို့ကို ရည်ရွယ်၍ ပိုးသတ်ဆေးမှတ်ပုံတင်ခြင်း လုပ်ငန်းများ၊ ပိုးသတ်မှိုင်းတိုက်ခွင့်လိုင်စင်၊ ပိုးသတ်ဆေး ဖော်စပ်ရောင်းချခွင့် လိုင်စင်နှင့် ပိုးသတ်ဆေး ပြန်လည်ထုပ်ပိုးခွင့်လိုင်စင် ခွင့်ပြုခြင်းများကို ပိုးသတ်ဆေး ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ အလားတူ ပိုးသတ်ဆေးအရည်အသွေး စစ်ဆေးခြင်းကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ပိုးသတ်ဆေးဓာတ်ခွဲခန်းများ တိုးချဲ့ခြင်း၊ ခေတ်မီစက်ကိရိယာများ ဖြည့်ဆည်းပေးခြင်း လုပ်ငန်းများအပြင် ပိုးသတ်ဆေး စနစ်တကျ သုံးစွဲရေးအတွက် ပညာပေးခြင်းလုပ်ငန်းများနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများအရ ထိန်းချုပ်သော လုပ်ငန်းများကိုလည်း  ဆောင်ရွက်လျက်ရှိသည်။

 

(၃၀)ကြိမ်မြောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အစည်းအဝေးပြီးဆုံးသည့် ကာလအထိ ပိုးသတ်ဆေး စုစုပေါင်း (၃၆၇၄)မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ယနေ့ကျင်းပ ပြုလုပ်သည့် (၃၁)ကြိမ်မြောက် ပိုးသတ်ဆေးမှတ်ပုံတင် အဖွဲ့အစည်းအဝေးတွင် ပိုးသတ်ဆေး မှတ်ပုံတင် နည်းပညာကော်မတီက စိစစ်ထောက်ခံ တင်ပြလာသည့် ပိုးသတ်ဆေး အမျိုးပေါင်း (၃၉၅) မျိုး မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း၊ သက်တမ်းတိုးမှတ်ပုံတင်ခွင့်ပြုထားသည့် ပိုးသတ်ဆေး (၁၉၇) မျိုး၊ ၆ လအထက် မှတ်ပုံတင်နှင့် လိုင်စင်သက်တမ်းလွန်သော ဖျက်သိမ်းပိုးသတ်ဆေးများနှင့် ကုမ္ပဏီများမှ တင်ပြလာသည့် ပယ်ဖျက်ရမည့် ပိုးသတ်ဆေးများ စုစုပေါင်း (၁၀၁)မျိုးရှိကြောင်း သိရသည်။ 

 

သတင်းစဉ်