နေပြည်တော်  မေ  ၁၁

 

ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ (၃၆)ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက စားသုံးသူ ဘေးကင်းလုံခြုံရေး၊ ဓာတ်ကြွင်းကန့်သတ်ချက်များနှင့်ညီညွတ်သည့် ဈေးကွက်ဝင် ပို့ကုန်ဖြစ်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်ခြင်း၊ ထုပ်ပိုးသိုလှောင်ခြင်းလုပ်ငန်းများတွင် အရည်အသွေးမီ ပိုးသတ်ဆေးများကို စနစ်တကျ အသုံးပြုရန်လိုကြောင်း၊ တင်သွင်းသိုလှောင်ဖြန့်ချိသူ ရောင်းဝယ်ဖောက်ကားသူအားလုံးအနေဖြင့် ပိုးသတ်ဆေးဆိုင်ရာ တည်ဆဲဥပဒေများကို တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပိုးသတ်ဆေး သုံးစွဲသူများအနေဖြင့်လည်း မှတ်ပုံတင်ထားသည့် မြန်မာဘာသာအညွှန်းစာပါရှိသော ဆေးများကိုသာ သုံးစွဲရန်နှင့် တရားမဝင် ပိုးသတ်ဆေးများနှင့် ပိုးသတ်ဆေးအတုအပများ တိုက်ဖျက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး ပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပိုးသတ်ဆေးမှတ်ပုံတင်ခွင့် လျှောက်ထားလာမှုများအား လုပ်ငန်းတစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြပြီး အစည်းအဝေး တက်ရောက်လာကြသူများက အတည်ပြုပေးနိုင်ရေး ဆွေးနွေးကြသည်။

 

ယနေ့ကျင်းပသည့် (၃၆)ကြိမ်မြောက် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ အစည်းအဝေးတွင် ပိုးသတ်ဆေး အမျိုးပေါင်း (၂၇၉)မျိုးအား အတည်ပြုပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး (၃၅)ကြိမ်မြောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အစည်းအဝေးပြီးဆုံးသည့် ကာလအထိ ပိုးသတ်ဆေး စုစုပေါင်း(၃၈၉၇)မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)